စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာသူ၂ဦး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးသွားကြောင်းသိရသည်။
နိုဝင်ဘာ ၁ ရက်နေ့ ညက ရေဦးမြို့၊တိုင်းရင်းဆေးရုံအခြေစိုက် စစ်တပ်က ပစ်ခတ်ခဲ့သည့် လက်နက် ကြီးကျည် ၂ လုံး လက်ယက်ကုန်းရွာသို့ကျရောက်ပေါက်ကွဲခဲ့ရာ မချယ်ရီအေး (၄၂နှစ်)နှင့် မခင်ဝေဦး (၄၆နှစ်)တို့ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့ပြီး အသက် ၅နှစ်အရွယ်ရှိ မောင်ဖြိုးခန့်ဇော်၊မောင်ပြည့်ဖြိုးစုံနှင့် မောင်ကောင်းစည်သူတို့ ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေ ရ ကြောင်းဒေသခံအချို့ထံက သိရသည်။
” ချက်ချင်းပေါ့ဗျာ။ စစ်ကြောင်းမဝင်ခင် အပြေးအလွှား မြေမြှုပ်သင်္ဂြိုလ် ပေးရတာ။ အခုက ဘယ်ဘုန်းကြီးမှလည်း မကြွနိုင်ဘူး။ တရားနာ ရေစက်ချလည်း မလုပ်ရသေးဘူး” ဟု လက်ယက်ကုန်းရွာသား တစ်ဦးကပြောသည်။
ရေဦးမြို့မှ ဒီပဲယင်းရွာများသို့ ဦးတည်၍ လက်နက်ကြီးဖြင့်ရမ်းကားပစ်ခတ်နေသည်မှာ နေ့စဥ်ရက်ဆက်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၁၉)ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” လက်နက်ကြီးနဲ့ကတော့ ရမ်းပစ်နေတာပဲ။ ညရောက်လည်း ကောင်းကောင်းမအိပ်ရဘူး ။ရေဦး ၊ဒီပဲယင်းကို နှိပ်စက်နေတာ ကြာပြီ။ညတွင်းချင်း စစ်ကြောင်းထိုးလို့ ပြေးနေရတာ အခုထိပဲ။ ကျနော်တို့ကတော့ ရပါတယ်။ပြည်သူတွေပဲ သနားတယ်” ဟု ဒေသခံPDF ရဲဘော်တစ်ဦးကပြောသည်။
သက်ကြီးပိုင်း စစ်ရှောင်များမှာ အချိန်မှန်ထမင်းမစားရခြင်းနှင့် အိပ်ရေးပျက်ခြင်းတို့ကြောင့် စစ် ကြောင်းရှောင်ရင်း ဖျားနာနေကြကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ် ၁၁ဦးအပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့သည်။