ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တို့တွင် အထိနာနေသည့် စစ်ကောင်စီတပ်ကို ခရိုနီအချို့က ကျပ်သိန်း ၈၀၀၀ဝန်းကျင် လှူဒါန်းကြောင်း သိရသည်။
မန္တလေးမြို့ရှိ စစ်ကောင်စီတပ်နှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် ခရိုနီ ၄၂ဦးက နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေသည့် စစ်သားများအား ဂုဏ်ပြုလှူဒါန်းခြင်းဟုဆိုကာ ကျပ် သိန်း ၄၀၀၀နီးပါးလှူဒါန်းခဲ့ကြောင်း ခိုင်မာသည့် စစ်တပ် သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
“အလှူရှင် ၄၂ဦးက သိန်း ၄၀၀၀နီးပါးလှူကြတာပေါ့။အဓိကဦးဆောင်တာက မန္တလေးဝန်ကြီးချုပ်ပဲ သူ့နောက်က တစ်လောက စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ပြုတ်လာတဲ့ G Bank နဲ့ ရွှေဥသြက သူဌေး ဦးမောင်ကို တို့ပါတယ်။သူကလည်းလှူတယ်။ အမှန်က သူက G Bankမှာ နာမည်ပဲခံတာ။ပိုင်ရှင်က ရုတ်ဖူလို့ခေါ်တဲ့ ဦးအောင်မြင့် Alpha ဘိလပ်မြေစက်ရုံ ပိုင်ရှင်၊ သူက ဘဏ်သူဌေး၊အားလုံးက အဆက်အစပ်တွေကြီးပဲ။မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က အရင်က စည်ပင်ဌာနမှူး။အဲ့ကနေ ပင်စင်ယူတော့ အခုNew Star Light မင်္ဂလာမန္တလေးပိုင်ရှင် ကိုးကန့်သူဌေး ဦးကျော်ကျော်ဝင်း ဆီမှာ အလုပ်လုပ်တယ်။အလုပ်လုပ်နေရင်းကနေ အာဏာသိမ်းတော့ မန္တလေးမှာ သယံဇာတဝန်ကြီး၊ပြီးတော့ ဝန်ကြီးချုပ်ဖြစ်လာတာပဲ။ဒီတော့ အခု စစ်ကောင်စီက လှူတာက ကြည့်လိုက်ရင် သူတို့ အသိုင်းအဝိုင်းကြီးပါပဲ” ဟု၎င်းက ပြောသည်။
ငွေလှူဒါန်းမှုကို အောက်တိုဘာ ၁ရက်နေ့က ပြုလုပ်ခဲ့ပြီးစစ်ကောင်စီ လော်ဘီတယ်လီဂရမ် များတွင် ယင်းလှူဒါန်းမှုအား ဖော်ပြထားကြောင်းသိရသည်။
“ အလှူငွေလှူကြတာက နိုဝင်ဘာ ၁ရက်နေ့ကပေါ့။အခုတွေ့နေရတဲ့ ပုံထဲမှာပါတာတွေက မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးမျိုးအောင်။နောက်မြို့တော်ဝန် ဦးကျော်ဆန်း။နောက်တစ်ဦးက မန္တလေးကုန်သည်စက်မှုအသင်းချုပ်ရဲ့ နာယက ဦးမောင်ကိုတို့ပေါ့။အခုက ခရိုနီသူဌေးတွေက ဦးဆောင်တော့ မန္တလေးက လုပ်ငန်းရှင်တွေပါထည့်ကြတာ။သူတို့လည်း ခရိုနီလက်သစ်ပဲပေါ့။ဝေစားမျှစားတွေပါပဲ” ဟု မန္တလေးတိုင်းရှိ အမည်မဖော်လိုသူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယမန်နေ့ကလည်း ရန်ကုန်မြို့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာ ခန်းမတွင် စစ်ကောင်စီတပ် ကို မြတ်မေတ္တာမွန်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်၊ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေး ကျော်နေဝင်းနှင့် Lucky Diamonds စိန်တိုက်ပိုင်ရှင်တို့ဦးဆောင်သည့် ခရိုနီများက ငွေကျပ် သိန်း ၄၀၀၀ကျော် လှူဒါန်းခဲ့သေးသည်။
အောက်တိုဘာ ၁၈ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းချုပ်(MRCCI)က ဦးမောင်ကို ကို MRCCI အသင်း၏ ဂုဏ်ထူးဆောင်နာယက အဖြစ် ချီးမြှောက်ခဲ့သေးသည်။



