ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ကို KNLAပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်နေပြီး ကော့ကရိတ်မြို့တွင်လည်း တိုက်ပွဲ ပြန်လည်စတင်နေကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၄ နာရီခန့်မှ စတင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ကို KNLAပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဒီနေ့ မနက် ၄နာရီက စတင်ပြီး တိုက်ပွဲတွေ ပြန်စနေတာပါ။ ကြာအင်းဆိပ်ကြီးကိုလည်း တိုက်နေပါပြီ။ကော့ကရိတ်မှာလည်း ရဲစခန်းကို ဝင်တိုက်နေပါတယ်။အခြေအနေက ပြောဖို့ခက်ပါသေးတယ်” ဟု ၎င်းက ပြောသည်။
KNLAပူးပေါင်းတပ်ဖွဲ့၏ တာဝန်ရှိသူများက တိုက်ပွဲပြီးချိန်အထိ သတင်းများ ပေါက်ကြားခြင်းမရှိအောင် ထိန်းသိမ်းထားရန် ညွှန်ကြားထားကြောင်း Lion Battalion ဗျူဟာစစ်ကြောင်း၏ တာဝန်ရှိသူများက ပြောသည်။
“ အခုဆို ကျွန်တော်တို့ Lion စစ်ကြောင်းက ရဲဘော်တွေ အကုန်လုံးရဲ့ ဖုန်းကို သိမ်းထားတယ်။တခြားတပ်ဖွဲ့တွေတော့ ဘယ်လိုလုပ်လဲ မသိဘူး။တိုက်ပွဲပြီးမှ ကျွန်တော်တို့ ညီနောင်တပ်ဖွဲ့တွေအားလုံးတိုင်ပင်ပြီး သတင်းထုတ်ပြန်ပါ့မယ်” ဟု ၎င်းက ပြောသည်။
ယနေ့ တိုက်ပွဲအတွင်း စစ်သားနှင့်ရဲအချို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း တိုက်ပွဲအတွင်း KNLAပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးသူလည်း ရှိကြောင်း KNLA သတင်းရင်းမြစ်တစ်ဦးထံက ပြောသည်။
“ တိုက်ပွဲမှာ ရန်သူလည်းကျသလို ကျွန်တော်တို့ဘက်က သူတွေလည်းကျပါတယ်။ဒီဘက်မှာ အသက်တွေရော၊ဘဝတွေရော ပေးတိုက်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ရော တော်လှန်ရေးတပ်ဖွဲ့က လူတွေရော မြေပြင်အခြေအနေကို သိသလောက်မပြောဖို့၊ လူမှုကွန်ရက်ပေါ်မတင်ဖို့ ဒီက ပဲ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ပြောသည်။
ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့တို့တွင် ယခုအချိန်ထိ(မွန်းလွဲ ၃နာရီ )အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။




