စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် စစ်သားနှင့်ရဲတို့ ပြည်သူ့ရင်ခွင်ခိုလှုံရေးဆိုင်ရာ လှုံ့ဆော်စာရွက်ကို ဒရုန်းဖြင့် ကြဲချခဲ့ကြောင်း သိရသည်။
“ ရဲဘော်တို့ အာဏာရူးမင်းအောင်လှိုင်ရဲ့ လက်အောက်မှာမနေဘဲ အလင်းဝင်ဖို့ ပြည်သူ့ရင်ခွင်မှ ကြိုဆိုပါတယ်။ ပြည်သူ့ဘက်မှာ ရပ်တည်ပါ။ ပြည်သူ့အစိုးရထံမှာ ခိုလှုံပါ။ မကြာမီလာမည်မျှော်” စာသားပါ စာရွက် ၁၀၀ ကို နိုဝင်ဘာ ၁ရက်၊ နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က မြောင်မြို့မရဲစခန်းပေါ်သို့ ကြဲချခဲ့ပြီး ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းပေါ်သို့ နောက်ထပ် စာရွက် ၁၀၀ ကြဲချခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရသည်။
“ ရှမ်းမြောက်ဖြစ်စဉ်မှာလို မဖြစ်ချင်ရင် အလင်းဝင်ဖို့အတွက် သတိပေး ကြဲချတဲ့သဘောပါ။ ကြဲချတဲ့စာရွက်တွေကတော့ သူတို့လက်ထဲရောက်ရင် ဖျက်ဆီးပစ်မှာသေချာပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ရင်ခွင်အဖွဲ့တာဝန်ခံ ကိုဥဩမောင်မောင်က MPAသို့ပြောသည်။
ဒရုန်းဖြင့် စာရွက်ကြဲချခြင်းသည် မြောင်မြို့နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ထပ်မံလုပ်ဆောင်သွားရန်လည်း အစီအစဉ်ရှိကြောင်း၊ ယင်းသို့ ကြဲချပြီးနောက် အနည်းနှင့်အများ ဆိုသလို ပြည်သူ့ရင်ခွင် ခိုလှုံလာမည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။
စာရွက်ကြဲချခြင်းနှင့်အတူ မြောင်မြို့မရဲစခန်းနှင့် စစ်ဗိုလ်နေအိမ်ကို ဒရုန်းဖြင့် ဗုံး ၅လုံး၊ ကျောက်ရစ်ရဲစခန်းကို ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်၊ သေဆုံးအရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း Myaung Special People Defense Force MSPDF က ထုတ်ပြန်သည်။
” အိမ်ကို ၁လုံးတည်းကြဲပြီး ရဲစခန်းထဲကို ၄လုံးကြဲတာ။ စစ်ဗိုလ်နေအိမ်က မြောင်မှာနေနေတဲ့ ဗိုလ်အကြီးဆုံးရဲ့အိမ်ဗျ။ ကျနော်တို့ ဒရုန်းနဲ့ ဗုံးချတဲ့အချိန်။ စာရွက်ကြဲတဲ့အချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပြန်ပစ်တာ ရှိတယ်လို့ ပြန်ကြားရတယ် ” ဟု Myaung Special People Defense Force- MSPDF သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
မြောင်မြို့နယ်တွင်၂၀၂၁ခုနှစ်အတွင်း အရာရှိတစ်ဦးနှင့်စစ်သား၂ဦး ပြည်သူ့ရင်ခွင် ဝင်ခဲ့ပြီး ၂၀၂၂ခုနှစ် မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်သား၊ ရဲနှင့် ပျူစောထီးများ မရှိတော့ကြောင်း မြောင်ဗိုလ်တောက်ထွန်းတပ်ဖွဲ့၏ တာဝန်ခံ ဗိုလ်တောက်ထွန်းက ပြောသည်။
“ ၂၀၂၂ခုနှစ်အစကစပြီး မြောင်စခန်းတို့ ကျောက်ရစ်စခန်းတို့ကနေ အလင်းဝင်လာတာမျိုးတော့မရှိသေးဘူး။ နှစ်အစလောက်မှာ ဗိုလ်မှူးတယောက်အလင်းဝင်တယ်။ ပြီးတော့ ဟိုဘက်နဲ့ပြန်ပေါင်းသွားတယ်။ တချို့ကျ ဝင်တော့ဝင်ချင်တယ်။ ဒါပေမဲ့၊ သူတို့အနေနဲ့ ဘယ်လိုချိတ်ဆက်ပြီး ဆောင်ရွက်ရမလဲ မသိလို့ ဝင်မလာတာဖြစ်မယ်” ဟု ၎င်းကပြောသည်။
ပြည်သူ့ရင်ခွင်ခိုလှုံသူများကို သေနတ်ပါလျှင် ဆုကြေးငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ပြီး တိုင်းရင်းသားလွတ်မြောက်နယ်မြေများသို့ ပို့ဆောင်ပေးကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်ခိုလှုံချင်သည့် စစ်သား၊ ရဲနှင့် ပျူစောထီးများနေဖြင့် မြောင်မြို့နယ်ပြည်သူ့ရင်ခွင်အဖွဲ့နှင့် နီးစပ်ရာကာကွယ်ရေးတပ်ဖွဲ့များထံ ချိတ်ဆက် နိုင်ကြောင်း သိရသည်။

