ပဲခူးတိုင်း၊ ညောင်းလေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် အောက်တိုဘာ ၃၀ ရက်၊ ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ခဲ့သဖြင့် ကလေးငယ်နှစ်ဦးအပါအဝင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။
ညောင်လေးပင်မြို့အတွင်းရှိ တပ်ရင်း ၂၀ နှင့် တာပြတ်တံတားဂိတ်ပျူစောထီးအဖွဲ့က ကျေးရွာများဘက်သို့ လက် နက်ကြီး ၁၇ လုံးခန့်ပစ်ခတ်ခဲ့ရာ ဖြူကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း Spring Warriors Column စစ်ကြောင်းမှူး ဦးညီသန့်ကပြော သည်။
“မြို့ထဲက တပ်ရင်း ခမရ တပ်ရင်း ၂၀ကလဲပစ်တယ်။ တာပြတ်တံတားဂိတ်က ပျူစောထီးတွေလဲ ပစ်တယ်။ ၈၁ မမတွေနဲ့ပစ်တာ၊ နှစ်ဖွဲ့က ကျေးရွာတွေဘက် ပစ်နေတာ ၁၇လုံးလောက်ရှိမယ်။ တစ်လုံးက ဖြူကန်ရွာလယ် လောက်ကျပြီး ပေါက်ကွဲတာ။ ပြည်သူတွေ ဒဏ်ရာရကုန်ရော။ သူတို့တွေ(စစ်ကောင်စီတပ်)က ပြည်သူတွေကို မကြောက်ကြောက်အောင် ရည်ရွယ်ချက်ရှိရှိကို ပစ်နေတာဟု” ၎င်းက ပြောသည်။
ဒဏ်ရာရရှိသူများထဲတွင် ၃ နှစ်အောက်ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ်လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ လက်နက်ကြီးသံကတော့ ညတိုင်းကြားနေရတာ။ ကိုယ်အိမ်ဘယ်တော့ကျမလဲပဲတွေးနေရတယ်။ညဘက်ကောင်းကောင်းအိပ်မပျော်ဘူး” ဟု ၎င်းကဆိုသည်။
ညောင်းလေးပင်ခရိုင်အတွင်း စစ်ကောင်စီကပစ်သည့်လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိသူ ၁၈ ဦးထက်မနည်းရှိပြီး၊ သေဆုံးသူတစ်ဦးရှိကာ ၊ ကျွဲ၊ နွားတရိစ္ဆာန်များလဲ ဒဏ်ရာရ သေဆုံးမှူတွေရှိနေတယ်လို့ Spring Warriors Column အဖွဲ့ထံမှ သိရသည်။