မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အောက်တိုဘာလလယ်ခန့်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ဧက ၃၀၀၀ ဝန်းကျင်ခန့်ရှိ ကြက်သွန်ခင်း ရေဝင်ပျက်စီးသွားသည်ဟု စုံစမ်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်တောင်ပေါ်မှ တောင်ကျချောင်းရေအများအပြားကျဆင်းလာခြင်းကြောင့် စွန်ရဲ၊ နဘဲပင်၊ ရှမ်းကန်၊ တောင်နောက် စသည့်ကျေးရွာအနီးတစ်ဝိုက်ရှိ ကြက်သွန်စိုက်ခင်းများအတွင်းသို့ ရေဝင်ရောက်ကာ ဧက ၃၀၀၀ ဝန်းကျင်ခန့်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း နဘဲပင်ကျေးရွာတွင် နေထိုင်သည့် ကြက်သွန်စိုက်တောင်သူတစ်ဦး ကဆိုသည်။
” ပထမဆုံးစိုက်တဲ့သူ တော်တော်များများကတော့ ဘာပြောပြော ၆၀ ရာခိုင်နှုန်းလောက် ပျက်တာပဲ။ စိုက်ပြီးတဲ့သူရှိတယ်။ မစိုက်ရသေးဘဲနဲ့ ပျိုးထောင်ထားတဲ့သူရှိတယ်။ ပျိုးခင်းတွေလည်း တစ်ချို့လည်း ပျက်တယ်။ တစ်ချို့လည်း အပင်တွေပါကုန်တာ” ဟု ၎င်းကဆိုသည်။
ကြက်သွန်စိုက်ခင်း တစ်ဧကလျှင် မျိုးစေ့နှစ်ပြည်ခန့် စိုက်ပျိုးရပြီး မျိုးစေ့ဖိုးမှာလည်း အမျိုးအစားပေါ်မူတည်၍ တစ်ပြည်လျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းနီးပါးအထိ ကုန်ကျသဖြင့် ပြန်လည်ပျိုးရန် အခက်တွေ့နေသည်ဟုသိရသည်။
” မှန်းထားတာက တကယ်တမ်း ပျိုးဖြစ်လို့ စိုက်ရမယ်ဆို ၁၄ ဧကလောက် စိုက်ရမှာ။ ခု မိုးများလို့ ပျက်တော့ ၄ ဧက၊ ၅ ဧက လောက်ပဲ မှန်းလို့ရတော့တယ်။ အပင်ပေါက်တွေပါသေကုန်တာ မိုးများတော့” ဟု ကြက်သွန်ခင်း ရေဝင်ပျက် စီးခဲ့သူတောင်သူတစ်ဦးက ဆိုသည်။
ကျောက်ဆည်မြို့နယ်အနီးတစ်ဝိုက်တွင် အဓိကစိုက်ပျိုးကြသည့် မြစ်သားရွှေဖလား (ထိပ်မောက်) ကြက်သွန်အမျိုး အစားမှာ ဈေးကွက်အတွင်း နှစ်သိန်းခွဲခန့်အထိ ဈေးပေါက်နေသည်ဟု MPAက စုံစမ်း သိရသည်။
ထိုကဲ့သို့ ချောင်းရေလျှံခြင်းမှာ ယခင်နှစ်များက မဖြစ်ခဲ့ဖူးဘဲ ယခုနှစ်တွင် ပထမဆုံးအကြိမ် ရေလျှံခဲ့ခြင်းဖြစ်ပြီး ရေနုတ်မြောင်းများ၊ တွဲမြောင်းများအတွင်း နုန်းများနေခြင်းကြောင့် စိုက်ခင်းထဲတွင်ဝင်နေသည့် ရေများမဆင်းနိုင် သဖြင့် ကြက်သွန်များစိုက်ခင်းများပျက်စီးခဲ့ခြင်းဖြစ်သည်ဟု တောင်သူများကသုံးသပ်ထားကြသည်။
ရေဝင်ထားသော စိုက်ခင်းများပြန်လည် ပျိုးထောင်ရန် ရက်သတ္တပတ်လေး ပတ်ခန့်ကြာအောင် စောင့်ဆိုင်းရဦးမည်ဖြစ် ပြီး တစ်ဖက်တွင်လည်း မျိုးစေ့များ အပြိုင်အဆိုင် ပြန်လည်ဝယ်ယူ၍ ပျိုးထောင် ကြရမည်ဖြစ်သဖြင့် မျိုးစေ့ဈေးနှုန်းမြင့်တက်ခြင်း၊ အလုပ်သမားရှားပါးခြင်းစသည့် ပြသနာများဖြင့်ရင်ဆိုင်ရမည်ကိုလည်း တောင်သူများ က စိုးရိမ်နေကြသည်။
” မျိုးစေ့က ကုန်ပြီ။ အပျက်အစီးတွေများတော့ အဲ့လူတွေကလည်း ပြန်ပျိုးထောင်ကြဦးမှာ။ မျိုးစေ့က ရှာနိုင်မှ ရမယ်။ ကျောက်ဆည်မြောက်ဘက်ဆိုတာက ကြက်သွန်တောကြီး။ တကယ့် ကြက်သွန်ကွင်းကြီး။ အဲဒီဘက်က ၁၅ရက်သား၊ ရက် ၂၀သားတွေရော မိုးများတော့ပျက်စီးကုန်တာ။ အဲ့တာကြောင့် ကြက်သွန်မျိုးစေ့က ရှာလို့မလွယ်တော့ဘူး” ဟု မြစ်သားမြို့မှ ကြက်သွန်မျိုးစေ့ရောင်းဝယ်သူတစ်ဦးကလည်း ဆိုသည်။
လတ်တလောဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင်အမျိုးအစားပေါ်မူတည်၍ ကျပ် ၂၅၀၀မှ ၃၆၀၀ ကျပ်အထိ ဈေးပေါက်နေသည်ဟု ဘုရင့်နောင်ပွဲရုံဝင်းအတွင်းက သိရသည်။