နေပြည်တော်ရှိ စစ်တပ်အရာရှိငယ်များနှင့် မိသားစုဝင်များသည် ထွက်ပြေးရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် တပ်များအတွင်း ပိုမိုတင်းကျပ်လာကြောင်း၊ တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ နှင့်အတူ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး၊ စစ်ကောင်စီအခြေစိုက်သည့် နေပြည်တော်လည်း တိုက်ခိုက်ခံရနိုင်ကြောင်း၊ သတင်းများ ထွက်ပေါ်နေသည့်အချိန်တွင် စစ်တပ်မှ အရာရှိငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ထွက်ပြေးရန် စီစဉ်မှုများ ရှိနေသဖြင့် တပ်များအသီးသီးတွင် လုံခြုံရေးတင်းကျပ်လျက်ရှိသလို၊ ယခုရက်ပိုင်းအတွင်း တပ်ပြင်ပသို့ ထွက်ခွာမှုများကို ပိုမိုကျပ်မတ်ရန် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များမှ ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။
“ ရှမ်းမြောက်မှာ တိုက်ပွဲတွေ စဖြစ်ထဲက လုံခြုံရေးအရဆိုပြီး ကျပ်လိုက်တာ၊ တကယ်က လုံခြုံရေးထက် အရာရှိတစ် ချို့ ထွက်ပြေးကြဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာလို့၊ ပြေးလည်းပြေးချင်စရာပဲလေ နေပြည်တော်မှာက တကယ်တိုက်ခံရရင် ပြန်တိုက်ဖို့ တပ်သားအင်အားက ဘာမှမရှိဘူး။ အဲ့ဒီတော့ တော်ရုံအရာရှိလောက်က တိုက်ပွဲ ဝင်ရမှာ၊ သေရင်လည်း အရာရှိကြီးတွေက နောက်မှ သေမှာ အောက်ကအငယ်တွေက အရင်သေမှာဆိုတော့ ဘယ်တိုက်ချင်ပါ့မလဲ၊ တိုင်းပြည်ကို ကာကွယ်ရတာမျိုးမှမဟုတ်တာ လူတစ်ဦးတစ်ယောက်ကို ကာကွယ်တဲ့အနေနဲ့ တိုက်ပေးရမှာဆိုတော့ ဘယ်သူမှ စိတ်မပါကြဘူး။ အဲ့ဒီတော့ ပြေးဖို့ပဲ ကြံကြတော့တာပေါ့” ဟု နေပြည်တော် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် အောက်တိုဘာလ (၃၀) ရက်နေ့၊ ညနေပိုင်းမှ စတင်ကာ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အများစုသည် စက်သုံးဆီ ပြတ်လတ်နေသည်ကို အကြောင်းပြ၍ ရောင်းချခြင်းမရှိတော့ဘဲ၊ ဆိုင်များကို ပိတ်ထားခဲ့ပြီး ယခုကဲ့သို့ စက်သုံးဆီဆိုင်များ ပိတ်သိမ်းထားခြင်းသည် စစ်တပ်မှ လက်အောက်ငယ်သား အရာရှိ၊ အရာခံအချို့နှင့် ၎င်းတို့၏ မိသားစုဝင်များ ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် ဆီဆိုင်များ ပိတ်ထားရန် စစ်ကောင်စီမှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်မှ ဖြည့်စွက်ပြောသည်။
“ ဆီဆိုင်တွေကိုလည်း မနေ့က ညနေထဲက ပိတ်ခိုင်းထားတယ်။ အဓိက,က ဆီမရှိရင် လွယ်လွယ်ကူကူ ထွက်မပြေး နိုင်အောင်လို့လို့ ကြားတယ်။ မြို့အဝင်၊အထွက်ကိုလည်း အထူးကျပ်နေတယ်။ အရပ်သားတောင် အဲ့ဒီလောက်မစစ်ဘူး။ စစ်သားဆို အထက်ကအမိန့်မပါရင် ပေးမထွက်မယ့် အနေအထားမျိုးတွေ့ရတယ်” ဟု နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကဆိုသည်။
စစ်တပ်မှ အရာရှိငယ်များအပြင် ထိပ်သီး ခေါင်းဆောင်ပိုင်းများ၏ မိသားစုဝင်များသည်လည်း နေပြည်တော် တိုက်ခိုက်ခံလာရလျှင် ပြည်ပတိုင်းပြည်များသို့ ချက်ချင်းထွက်ခွာနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးရာထူးအဆင့်ရှိ ဝန်ထမ်းအများစုမှာလည်း ၎င်းတို့၏ မိသားစုနှင့်အတူ နေပြည်တော် မှ ထွက်ခွာနိုင်ရန် စီစဉ်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိကြောင်း သိရသည်။
“ သူတို့သားသမီးတွေကြတော့ ထိမှာ ကြောက်တယ်။ အခုထဲက နေပြည်တော်တိုက်ခံရတာနဲ့ ပြည်ပကို ချက်ချင်း ထွက်နိုင်ဖို့ စီစဉ်ထားတာတွေ ရှိနေတယ်လို့ သိထားတယ်။ လိပ်ပြာမလုံ ရိက္ခာပုံထားပြီး မိသားစုလိုက် ပြေးနိုင်ဖို့ကို ပြင်ဆင်နေကြတာ။ စစ်တပ်ထဲတင်မဟုတ်ဘူး ဝန်ကြီးဌာနတွေမှာလည်း ဂယက်ရိုက်နေကြတယ်” ဟု တပ်တွင်းရင်းမြစ်က ဖြည့်စွက်ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်) က ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီးနောက် နောင်ချိုမြို့အခြေစိုက် အမှတ် (၁၄၄) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများသည် အချုပ်သားများကို ခေါ်ဆောင်ကာ ဆုတ်ခွာမှုများရှိခဲ့ပြီး၊ ဝန်ကြီးဌာနများမှ အစိုးရဝန်ထမ်းများသည်လည်း လုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားခဲ့သည်။