ပဲခူးရိုးမတွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်အကြား စက်တင်ဘာလမှစတင်၍ တိုက်ပွဲမကြာခဏ ဖြစ်ပွားလာပြီးနောက် ရန်ကုန်နှင့်ပဲခူးတိုင်းနယ်စပ် မီးနင်းချောင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အချိန်ကြာမြင့်စွာ စစ်ဆေးနေတယ်လို့ ခရီးသွားပြည်သူများထံကသိရသည်။
“ပထမက ဒီဘက်မှာ အေးအေးချမ်းချမ်းဆို သိပ်ပြီးအစစ်အဆေးမရှိဘူး။ ကားပေါ်ကတောင်မဆင်းရဘူး။ ရပ်စောင့်ရ မိနစ် ၂၀လောက်ပဲ။ အခုကတော့မရဘူး ကားတိုင်းစစ်တာ” ဟု ကားသမားတစ်ဦးက ပြောသည်။
ပဲခူးရိုးမတွင်တိုက်ပွဲများ မဖြစ်မှီအချိန်ကာလက ခရီးသွားကားများကို အချိန်အနည်းငယ်သာ စစ်ဆေးမှူရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်ပေါ်လာပြီးနောက်တွင် PDF များလိုက်ပါလာမည့်စိုး၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကအချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးနေကြောင်း ကားသမားတစ်ဦးက ပြောသည်။
“ ဟိုအပေါ်မှာက(ပဲခူးရိုးမ) တိုက်ပွဲက ဖြစ်နေတော့ တစ်ခါစောင့်ရရင် အနည်းဆုံး တစ်နာရီခွဲပဲ။ကိုယ့်အလှည့်ရောက် လာရင်လဲ အကုန်ရှာတာ။ ကားအောက်ထပ်ပစ္စည်းအိတ်တွေဆို သေချာကိုစစ်တာ၊ ကားပေါ်ကလူတွေလဲ အကုန်ဆင်း ပေးရတယ်။ အသက်ကြီးတဲ့သူ အနည်းငယ်လောက်ပဲ ကျန်ခဲ့တာ၊ ကားပေါ်လဲ နှစ်ယောက်လောက်တက်လာပြီး၊သေချာလိုက်စစ်တာ၊ သူတို့လက်ထဲမှာလဲ လက်နက်က အမြဲပါတယ်၊ သူတို့ပြောတာတော့ PDFတွေ၊ လက်နက်တွေပါ မှာစိုးလို့တဲ့” ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသောကြောင့် ခရီးသွားလာရခက်ခဲပြီး၊ လိုရာသို့ အချိန်မီမရောက်ရှိသဖြင့် ဒုက္ခရောက်ကြောင်း ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရန်ကုန်ကနေအလုပ်ခွင့်ယူပြီးကျောင်းတက်ရအောင်ပြန်လာတာ၊ မပြန်တာလဲကြာပြီလေ၊ မီးနင်းချောင်းဂိတ်မှာ အခုလို အချိန်အကြာကြီးစောင့်ရမှန်းလဲမသိဘူး။ ဂိတ်ရောက်တော့ ၉နာရီလောက်ပဲ ရှိအုန်းမယ်။ ၁၁နာရီထိုးလောက်မှ အဲ့ဒီဂိတ်က ပြန်ထွက်လာရတာ၊ ဂိတ်နားရောက်တည်းက ယာဉ်နောက်လိုက်က ဖုန်းတွေပိတ်ထားဖို့၊ မှတ်ပုံတင်တွေ ထုတ်ထားဖို့ လိုက်ပြောနေတာ၊ ကိုယ့်ကားအလှည်ရောက်ရော ကားပေါ်က အိပ်လွယ်ပြီး ဆင်းရတယ်။ ဂိတ်ရောက် တော့ မှတ်ပုံတင်ပြ အိပ်တွေပါပေးစစ်ခံရတယ်။ အခုလိုကြာနေတော့ ကိုယ်သွားချင်တဲ့နေရာကို အချိန်မီမရောက်တော့ ဒုက္ခတွေ့ရော” ဟု ထိုအမျိုးသမီးက ပြောသည်။
သတင်းကျွတ် ရုံးပိတ်ရက်အတွင်း နေရပ်သို့ ပြန်လာသည့်သူများကို စစ်ကောင်စီဂိတ်များက စစ်ဆေးမှုပိုမိုတင်းကျပ် သည့်အတွက် ကားများပိတ်စို့နေခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။
“သတင်းကျွတ်ပိတ်ရက်လေ အိမ်ပြန်တဲ့သူများကြတယ်။ အိမ်ကနေ အလုပ်ပြန်သွားတဲ့လူတွေနဲ့ အများကြီး၊ ကားတန်းကလဲဂိတ်မှာအရှည်ကြီးပဲ၊ အခုစစ်တာလဲ တရားခံရှာနေသလိုပဲ၊ သူတို့ လက်ထဲမှာ ပုံတစ်ပုံကိုင်ထားပြီး တစ်ယောက်ချင်း မျက်နှာကြည့်ပြီးသေချာလိုက်တိုက်စစ်နေတာဟု” ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ရက်ကလည်း မီးနင်းချောင်းဂိတ်တွင် Express တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး၊ ပစ်ခတ်ခံရသူသည် ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ပဲခူးရိုးမတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တို့သည် ယခုနှစ် စက်တင်ဘာလမှ စတင်ကာ၊ တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် ပြည်သူများကို စစ်ဆေးတင်းကျပ်မှု ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။



