မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၈၄ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားရှိ ပေါ်ဦးရွှေဆိုင်တွင် ယနေ့ (အောက်တိုဘာ ၃၀ရက်) နံနက် ၈ နာရီခွဲခန့်က ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ရွှေထည်ပစ္စည်းများ ဓားပြတိုက်သွားကြောင်း သိရသည်။
“ ဒီနေ့မနက် ၈ နာရီခွဲလောက်ကပါ၊ သေနတ်သံ နှစ်ချက် ကြားလိုက်ရတယ်၊ ပြီးတော့မှ ဓားပြတိုက်ခံရတယ်ဆိုတာသိတာ၊ စစ်သားတွေရော ရဲတွေရောက်လာပြီး ဆိုင်ထဲက CCTV တွေ စစ်တာတွေ လုပ်နေကြတယ်၊ လမ်းတွေပါ ပိတ်ပြီး စစ်နေတာတွေလည်း ရှိတယ်” ဟု မဟာအောင်မြေမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ဓားပြတိုက်ခံရမှုဖြစ်စဉ်တွင် ရွှေဆွဲကြိုး အကုံး ၄၀၊ ရွှေကလစ် အကုံး ၃၀ အပါအဝင် အခြားရွှေထည်ပစ္စည်းများယူဆောင်သွားကာ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၂၀၀ ကျော်ခန့်ရှိကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
စစ်ကောင်စီတပ်သည် မန္တလေးမြို့တွင် သီတင်းကျွတ် ဆီမီးထွန်းပွဲတော် ကျင်းပရန်အတွက် နေရာအနှံ့အပြားတွင် လုံခြုံရေးအင်အား အများအပြားချထား၍ စစ်ဆေးမှုများ တင်းကျပ်ထားသည့်ကြားက ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။
“ ၈၄ လမ်းရော၊ လမ်း ၈၀ ရော၊ ဘုရားကြီးနားမှာရော၊ နေရာတော်တော်များများမှာ စစ်နေတာ၊ လက်နက်တွေနဲ့ရော အရပ်ဝတ်တွေနဲ့ရော အစုံပဲ၊ လူငယ်တွေဆို ပိုစစ်တယ်။ မထင်ရင် မထင်သလိုဘဲ၊ တချို့ကောင်လေးတွေဆို အင်္ကျီတွေပါ ချွတ်ပြီး စစ်တာ” ဟု ချမ်းမြသာစည်မြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ဓားပြမှု၊ ခိုးမှု၊ လုယက်မှုနှင့် လူသတ်မှုများ အများအပြား ဖြစ်ပွားနေသော်လည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးအရေးယူမှုများ နည်းပါးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၁၃) ရက်နေ့တွင်လည်း အရှေ့ကန်ကောက် ၃၃ လမ်း မြို့ပတ်လမ်းအရှေ့ထဲတွင် နောက်ကျောနှင့် မျက်နှာတို့၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမည်မသိ အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် MDY Revolution မှ ဖော်ပြထားသည်။