မန္တလေး တိုင်း၊ မိုးကုတ်မြို့ရဲစခန်း ၂ ခုနှင့် တပ်စခန်းကို TNLA နှင့် PDF ပူးပေါင်းတပ် က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယနေ့(အောက်တိုဘာလ ၂၆ ရက်) နံနက်၅ နာရီခန့်တွင် မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းနှင့် ရွှေမြင်ဝန်းရဲစခန်းကို တအောင်းတပ်မတော် – TNLAနှင့်PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက်၅နာရီ ကျော်မှာပင် မိုးကုတ် – မန္တလေးကားလမ်းပေါ်ရှိ စစ်ကောင်စီ တပ်၏ ဂွေးပင်တပ်စခန်းကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မိုးကုတ် PDF တပ်ရင်း- ၁၂၂၃ မှတပ်ရင်းမှူး ရဲဘော်လရောင်က ပြောသည်။
” အခုဖြစ်နေတာက မိုးကုတ် TNLA နဲ့ပူးပေါင်းတပ်တွေက တိုက်နေတာ။ ဒါပေမဲ့၊ တိုက်ပွဲ ဖြစ်နေတုန်းမလို့ အသေးစိတ်ကို ကျွန်တော်တို့ မဖြေနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ ဂွေးပင်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် မိုးကုတ်-မန္တလေးလမ်းကို စစ်တပ်က ပိတ်လိုက်သောကြောင့် ခရီးသည်များ လှည့်ပြန်ခဲ့ရပြီး မွန်းလွဲ ၂နာရီ ခန့်မှ လမ်းပြန်ဖွင့်ပေးကြောင်းသိရသည်။
” ဂွေးပင်တိုက်ပွဲမှာ ဒရုန်းတွေနဲ့ရောပစ်တယ် ။လက်နက်ကြီး ၊ လက်နက်ငယ် သံတွေရောကြားရတယ် ။အဲလိုဖြစ်ပြီးတော့ အကြာကြီး လမ်းပိတ်ထားတယ်။ အရှေ့ပိုင်းကနေလည်း လက်နက်ကြီးတွေပစ်နေတယ်။ ဆက်တိုက်ပဲ ” ဟု မိုးကုတ်မြို့ခံတစ်ဦး ကပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှနေ၍ နံနက် ၉နာရီခွဲမှ မွန်းလွဲ ၁၂နာရီခွဲ အထိ အမြောက်ဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ၎င်းကပြောသည်။