ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဧဝံဂေလိ ခရစ်ယာန်ဘုရားကျောင်းအား လာမည့် စနေ၊ တနင်္ဂနွေမှစတင်ကာ ဘုရားဝတ်ပြုခွင့်မပြုလုပ်ရဟု စစ်ကောင်စီက ညွှန်ကြားသဖြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ များက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ဘုရားကျောင်းရှိ သိက္ခာတော်ရ ဆရာတော်တစ်ပါးက MPA သို့ပြောသည်။
“ ဩဂုတ်လ ၁၅ ရက်လောက်တုန်းက ဘုရားကျောင်းကို အုပ်ချုပ်ရေးမှူးရယ်၊ ရာအိမ်မှူးတွေရယ်လာပြီး၊ ဘုရား ကျောင်းကဘယ်နေ့တွေဖွင့်တာလဲ၊ ဘာပွဲတွေလုပ်လဲ၊ ဘယ်သူကခေါင်းဆောင်လဲ၊ ဘယ်တုန်းကစတည် ထောင်တာလဲ စတာတွေအကုန်မေးသွားတာ၊ ဒီလ(အောက်တိုဘာ )၊ ၂၂ ရက်မှာ ဘုရားကျောင်းကို အုပ်ချုပ်ရေးအဖွဲ့က ထပ်လာတယ်။ ၂၅ရက်နေ့မှာ ဝတ်မပြုဖို့တားမြစ်သွားတယ်။ ဘုရားကျောင်းမှာ ဝတ်ပြုတယ်ဆိုရင် တရားစွဲမယ်ဆိုပြီးပြောတယ်” ဟု ဘုရားကျောင်းရှိ ဆရာတော်တစ်ဦးက ပြောသည်။
အဆိုပါဘုရားကျောင်း၌ ဝတ်ပြုသူများအနေဖြင့် ရန်ကုန်မြို့ရှိ အခြား ဘုရားကျောင်းများတွင်သာ ဝတ်ပြုရန် ရွှေပြည်သာ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။
“ အခုလို ဘုရားကျောင်းကို အကြောင်းမဲ့သက်သက် ပိတ်တော့မကောင်းဘူးပေါ့၊ ဘာအကြောင်းပြချက်မှမပေးဘူး။ အထက်အမိန့်ရ တစ်ခွန်းထဲနဲ့ ပိတ်ခိုင်းတယ်။ ဘုရားကျောင်းပိတ်လိုက်တော့၊ ဘုရားကျောင်းတက်တဲ့သူတွေအတွက် ဘယ်လောက်ဒုက္ခရောက်လဲ သူတို့မသိဘူး။ သူတို့ပြောတဲ့ အတိုင်းမြို့ထဲကိုသွားဖို့လည်း မလွယ်ဘူး” ဟု သိက္ခာတော်ရ ဆရာတော်တစ်ပါးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ ရွှေပြည်သာမြို့ရှိ၊ ဧဝံဂေလိ ဘုရားကျောင်းကို ဝတ်ပြုခွင့်ပိတ်ပင်လိုက်သောကြောင့် အပတ် စဉ်ဝတ်ပြုမှုများပြုလုပ်နေသည့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အခက်အခဲဖြစ်ပေါ်နေကြောင်း၊ ရွှေပြည်သာ ၉ ရပ်ကွက်မှ ဘုရားကျောင်းလာတက်သူ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ကျွန်မတို့လို သက်ကြီးရွယ်အိုတွေ ၊ကလေးသူငယ်ရှိတဲ့သူတွေက ရန်ကုန်မြို့လည်ထိ၊ ကားတိုးပြီးသွားဖို့ကြ ခက်ခဲလွန်းပါတယ်။ ကိုယ်ယုံကြည်ရာကိုပဲ ကိုးကွယ်ကြတာပါ၊ အဲ့ဒီအတွက်လည်း ဒီဧဝံဂေလိ ခရစ်ယာန်ဘုရား ကျောင်းမှာ ဆက်ပြီး ဘုရားကျောင်းတက်ကိုးကွယ်ချင်ပါသေးတယ်။ ပိတ်ပင်ခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိ ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း ဧရာ၀တီတိုင်း ၊ ပန်းတနော်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ကိုလည်း စစ်ကောင်စီက ဘုရားဝတ်ပြုခွင့် ပိတ်ပင်ခဲ့ကြောင်းလည်းသိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ခရစ်ယာန်ဘုရားကျောင်းများ ပိတ်ပင်ခဲ့မှုသည် ဆယ်ခုထက်မနည်းရှိခဲ့ပြီး၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်းအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ၊ ဆောက်လုပ်ထားသည့် ဘာသာရေးအဆောက်အအုံများ၌ ဝတ်ပြု၊ ဆုတောင်းခြင်းများ ပြုလုပ်ပါက အရေးယူမည်ဟု စစ်ကောင်စီက ယခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် ကြေညာထားသည်။