မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးနိုင်ရန် ဘဏ်စာအုပ် တစ်အုပ်လျှင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက သုံးထောင်ကျပ်မှ ခြောက်ထောင်ကျပ်အထိ တောင်းယူမှုများ ရှိနေကြောင်း ပဲခူး၊ သာယာဝတီခရိုင်အတွင်းရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အာဏာမသိမ်းခင်အချိန်က စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူရာတွင် အုပ်ချုပ်ရေးမှူးများအနေဖြင့် ပိုက်ဆံတောင်းယူမှုမရှိခဲ့သော်လည်း အာဏာသိမ်းကာလအတွင်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက တောင်းယူနေခြင်းဖြစ်သည်ဟု လက်ပံတန်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
“ပထမ အုပ်ချုပ်ရေးမှူးတုန်းက တစ်ပြားမှ မပေးရဘူး။ အခုဒီကောင်တွေကြမှ (စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး) ဘဏ်ထုတ်ဖို့ ဘဏ်စာအုပ်နဲ့အတူ ပိုက်ဆံ ၅၀၀၀ ပါယူလာပြီး လာပေးဖို့ ရွာထဲလိုက်အော်နေတာ၊ မိုးဘဏ်တုန်းက ၃၀၀၀ ပေးရတယ်။ တစ်အုပ် ငါးထောင် ဆိုတည်းက အုပ် တစ်ရာဆို ဒီကောင်တွေ ငါးသိန်းလောက်ရနေပြီ။ ဘာအတွက် ပေးရတာလဲဆိုပြီး သွားလည်း မမေးရဲဘူး၊ ဥပဒေမဲ့နေတဲ့ ခေတ်မှာ အချိန်မရွေး အဖမ်းခံရနိုင်တယ်ဟု”၎င်းက ရှင်းပြသည်။
ယခင်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးများအနေဖြင့် အထက်မှ ညွှန်ကြားမှူမရှိဘဲ ပြည်သူလူထုထံ ငွေကြေးကောက်ခံမှူများရှိလျှင် ပြည်သူများဘက်မှ တိုင်ကြားသူများ ပေါများခဲ့ပြီး ယခု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ လက်ထက်တွင် မေးမြန်းမည့်သူပင် မရှိတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထို့အပြင် စိုက်ပျိုးစရိတ် ချေးငွေထုတ်ရန် ကိစ္စရပ်များကိုလည်း ယခင်အုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့ဘာသာ စီမံပြုလုပ်လေ့ရှိပြီး တောင်သူများဘက်မှ လိုလိုချင်ချင်ပေးသည့် ငွေကြေးကိုသာ ယူလေ့ရှိသည်ဟုလည်း ဆိုသည်။
“လေးလေးတို့ အုပ်ချုပ်ရေးမှူးလုပ်တုန်းကဆို အထက်က မညွှန်ကြားဘဲ ဘာမှ မတောင်းရဲဘူး၊ တောင်းတာနဲ့ တိုင်တာပဲ၊ တချို့ဒေသတွေမှာဆို ဘဏ်ထုတ်ဖို့ တစ်အုပ် ၅၀၀ တောင်းလို့ဆို ဆန္ဒပြခံရတဲ့ အုပ်ချုပ်ရေးမှူးတွေရှိတယ်။ အခုကောင်တွေကတော့ (စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး) တောင်းချင်တိုင်း တောင်းရနေတာ၊ ဘဏ်ထုတ်ဖို့ တောင်းတာတင် မဟုတ်ဘူး၊ ထောက်ခံစာ၊ ဧည့်စာရင်းတိုင်တာတွေ၊ လောင်းကစားဝိုင်းတွေ တောင်းလို့ရတဲ့ နေရာတွေဆီက အကုန်တောင်းတာ၊ ဘယ်သူမှလဲ သွားမမေးရဲဘူးလေ၊ အဲ့ဒီတော့ ဒီကောင်တွေတစ်လ ရတဲ့ဝင်ငွေက ဘယ်ပေါ့မလဲဟု”ဟု သာယာဝတီခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ဆိုသည်။
လက်ရှိ ဘဏ်ထုတ်ရန် ငွေကြေးတောင်းခံခြင်းသည် အထက်မှ ညွှန်ကြားမှုကြောင့် တောင်းယူရခြင်းဖြစ်ပြီး ဘဏ်စာရင်းရေးဆွဲရန်နှင့် သွားလာရန် လမ်းခရီးစရိတ်များပါ ထည့်သွင်းတောင်းရသည့်အတွက် ငွေကြေးပမာဏ များသွားရခြင်းဖြစ်ကြောင်း မိုးညိုမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ဆောင်းဘဏ်ထုတ်ဖို့ ၆၀၀၀ တောင်းထားတယ်၊ ဟိုနေ့စည်းဝေးပွဲမှာက စုကြေးငွေက နှစ်ထောင်၊ အလှူခံထည့်ဖို့က တစ်ထောင် တောင်းခိုင်းထားတာ၊ ကျန်တဲ့ ၃၀၀၀ က ဘဏ်စာရင်းဆွဲရင် ကုန်ကျမယ့် စာရွက်စာတန်းစရိတ်၊ သွားဖို့လာဖို့ ဆီဖိုးအတွက် တောင်းတာ”ဟု ၎င်းက ပြောသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃ ခုနှစ် အောက်တိုဘာမှစ၍ ဒီဇင်ဘာလကုန် အထိ ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ကြေညာထားပြီးချိန်မှစ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် ဘဏ်စရင်းရေးဆွဲရန် တောင်သူလယ်သမားများထံမှ ဘဏ်စာအုပ်များ လိုက်လံစုဆောင်းနေကြောင်းသိရသည်။