စစ်ကောင်စီက မက်လုံးပေးပြီး လူမှုကွန်ရက်စာမျက်နှာများ၌ တပ်သားသစ် စုဆောင်းမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များဖြစ်သည့် ဟန်ငြိမ်းဦး၊ Ko Thet ၊ တပ်ကြပ်ကြီး ဖိုးစီ အစရှိသည့် ဂရုများတွင် စစ်တပ်ထဲသို့ ဝင်ရောက်ပါက၊ လစာနှင့် အခြားထောက်ပံ့ကြေးများပေါင်းပါက တစ်လလျှင် အနည်းဆုံး ကျပ် ၄သိန်းကျော်ရရှိမည်ဟု မက်လုံးပေးကာ တပ်သားသစ်များ စုဆောင်းနေခြင်းဖြစ်သည်။
“ စစ်သားဖြစ်ပြီဆိုတာနဲ့ တပ်ဆေးရုံမှာ ဆေးကုခွင့်ရမယ်။ လိုင်းခန်းရရင် နေပြီးစားပြီးလိုဖြစ်သွားမယ်။ လစာကလည်း အပြင်နဲ့ဆိုသိပ်မကွာဘူး။ အထက် pressureပေးလို့ မလုပ်မနေရတွေရှိတယ်။ အန္တရာယ်ပိုများတယ်။ တပ်သားသစ် စု ဆောင်းတာကတော့ အရင်ကတည်းက၊ လေးလတစ်ကြိမ် အစည်းအဝေးလုပ်ပြီး၊ တပ်စိတ် တစ်စိတ်ကို လေးယောက် လောက်ကတော့အနည်းဆုံး ရှာရတယ်။ အင်အားနည်းလို့လူစုတာမဟုတ်ဘူး။ လိုအပ်ချက်အရလူစုနေတာ” ဟု CDM ဗိုလ်ကြီးတစ်ဦး က ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် လက်ရှိအချိန်ထိ စစ်သားနှင့် အရာရှိ သောင်းဂဏန်းခန့်သည် CDM ပြုလုပ်ခဲ့သည့် အပြင်၊ တပ်ပြေးခြင်း၊ တိုက်ပွဲများ၌ အသေအပျောက်များခြင်းနှင့် ရောဂါအခံဖြင့် သေဆုံးသူများရှိလာသောကြောင့် အင်အားဖြည့်တင်းရန် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ စစ်တပ်မှာက သူအင်အားနဲ့သူရှိပြီးသား၊ တပ်ရင်းတစ်ရင်း ဆို၂၀၀ ကျော်နေပြီ၊ PDFက လေးငါးဖွဲ့လောက်ပေါင်းမှ ၂၀၀ လောက်ရှိတာ၊ စစ်ကောင်စီ အတွက်က အမိန့်နာခံ တတ်ရင် စစ်သားဖြစ်ပြီ၊ ကျန်တာက တိုက်ပွဲမှာ ရှင်သန်ဖို့ရယ်၊ အထက်က ဖိအားတွေအောက် ရုန်းကန်ရင်း ကိုယ်တိုင် ကျွမ်းကျင်အောင်လုပ်ရတာ၊ အခုနောက်ပိုင်း စစ်ကောင်စီက ပျူတွေကို သေနတ်ပစ်တတ်ရင်၊ တိုက်ပွဲထဲ လိုက်ခိုင်းတယ်။ သူတို့ကအဓိကလိုချင်တာ အင်အားပဲ” ဟု CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။
စစ်တပ်သို့ ဝင်ရောက်သူများသည် စစ်သင်တန်း ခြောက်လ တက်ရောက်ပြီးနောက်၊ ယခင်ကာလများ၌ တပ်မ၊ တပ်ရင်းများ၌ တာဝန်ထမ်းဆောင်ရသော်လည်း၊ ယခုနောက်ပိုင်း စစ်တပ်သို့ ဝင်ရောက်သူအားလုံး၊ ရှေ့တန်းသို့ သာ ပို့ဆောင်ခံရကြောင်း၊ ရှမ်းပြည်အခြေစိုက် တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။
“ စစ်သင်တန်းက ခြောက်လ တက်ရတယ်။ တပ်မကြီးတွေကတော့နေရာစုံသွားရတယ်။ အရင်က ရှေ့တန်းကြချင်မှ လည်းကြတယ်။ တစ်ချို့ကတော့ရှေ့တန်းသွားရတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကတော့ သင်တန်းဆင်းတာနဲ့ ရှေ့တန်းသွားရတာများပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် လုံခြုံရေး အစောင့်နေရာများ၌ ပင်စင်စားစစ်သားများကို ပြန်လည်ခေါ်ယူထားသည့် အပြင် ပြည်သူ့စစ်များကိုပါ အင်အားဖြည့်ထားရကြောင်း၊ တပ်နှင့် နီးစပ်သည့် လူငယ်တစ်ဦးက ပြောသည်။
“ ၆၆တပ်ရှေ့ မှာတောင် အစောင့်၁ယောက်ပဲရှိတယ်။ သူ့ဟာသူတောင်အထိုင်အထတောင်မနည်းမလုပ်နေရတာ၊အသက်က ၆၀ ကျော်နေလောက်ပြီ၊ အငြိမ်းစားထင်တယ်။ အဲ့ဒီလူတွေကလည်း မပြေလည်တော့ပြန်လုပ်နေရတာပေါ့၊ ၆၆မှာရှိတဲ့ စစ်သားတွေလည်း ရှေ့တန်းထွက်တာ၊ပြန်လာတောင်မမြင်ဘူး။ အဲ့ဒါကြောင့်လည်း ပြည်သူ့စစ်တို့ စစ်သားတို့ လုပ်ဖို့ကိုငွေမက်လုံးပေးခေါ်နေတာ” ဟု တပ်မ၆၆အခြေစိုက်၊ အင်းမမြို့မှ လူငယ်တစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်များသည် တပ်သားသစ်ခေါ်ဆောင်ရာ၌ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် မက်လုံးပေး မှုများအပြင်၊ လေလွင့်ကလေးငယ်များအား ဖမ်းဆီးပြီးနောက် စစ်တပ်သို့ ပို့ဆောင်ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။