ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်အတွင်းရှိ လက်ပံတန်း၊ အုတ်ဖို၊ မင်းလှနှင့် မိုးညိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှု များလာသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားရှားပါးလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုသို့ လုပ်သားရှားပါးလာသည့်အတွက် လက်ရှိတွင် စိုက်ပျိုးဧကများကို လျှော့ချပြီး အရှုံးမပေါ်အောင် ကြိုးစားနေရသည်ဟု မိုးညိုမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။
“ဒီဘက်မှာက (မိုးညို) ငရုတ်စိုက်တဲ့သူ များတယ်။ အရင်က နေ့စားသမားတွေက လိုအပ်ချိန်ခေါ်ရတယ်၊ အခုခေါ်မရတော့ဘူး။ ငရုတ်သီးခူးချိန်၊ ဘောင်ဆွဲချိန်၊ ပေါင်းရှင်းချိန်တွေက အလုပ်သမား အရမ်းလိုအပ်တဲ့ အချိန်တွေပဲ၊ အခုလို အပ်ချိန်ခေါ်မရတော့ စိုက်ဧကတွေကို လျှော့ချထားရတယ်။ အရင် ၁ ဧက စိုက်တဲ့သူက အခု ၃ ကျိုး (၁ ဧက တွင် ၄ ကျိုးခွဲရှိသည်) ပဲ စိုက်ရဲတော့တယ်လို့”၎င်းက ပြောသည်။
ပြည်ပထွက် အလုပ်လုပ်ကိုင်သူအများစုသည် အမျိုးသားများ ဖြစ်သည့်အတွက် လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အမျိုးသမီးလုပ်သားများနှင့် လည်ပတ်နေရသည်ဟုလည်း ဆိုသည်။
“ရွာမှာဆို ပြည်ပထွက်လုပ်တဲ့သူ ၉၀ လောက်ရှိပြီ၊ အမျိုးသားတွေများတယ်၊ အမျိုးသမီးက ၂၀ လောက်ပဲပါမယ်၊ အစ်မ တို့က ကြက်ဟင်းခါး စိုက်တော့ စင်တွေထိုး၊ ဘောင်တွေဆွဲ သေချာလုပ်ရတာ၊ အဲ့ဒီဟာက အမျိုးသားတွေနဲ့မှ အဆင်ပြေမှာ”ဟု မင်းလှ မြို့နယ်ရှိ ကြက်ဟင်းခါးသီး စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ရရှိသည့် နေ့စားခနှင့် ယနေ့ခေတ် ကုန်ဈေးနူန်းသည် မိသားစု စားဝတ်နေရေးအတွက် လုံးဝအဆင်မပြေသည့်အတွက် ပြည်ပသို့ ထွက်ပြီး အလုပ်လုပ် ကိုင်ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ ရောက်နေသူ အုတ်ဖို ဒေသခံတစ်ဦးက ပြောသည်။
“ကျတော်တို့ ယောက်ျားလေးတွေဆို တစ်နေ့ကုန်လုပ်မှ နေစားခ ၇၀၀၀ လောက်ပဲ ရတာ၊ အမျိုးသမီးတွေက ၅၀၀၀ လောက်ပဲရတယ်၊ အဲ့ဒီတော့ အခုခေတ် ကုန်ဈေးနူန်းနဲ့က လုံးဝအဆင်မပြေဘူးလေ။ ဆီ ၁ ပိဿာ တစ်သောင်း၊ ဆန်တစ်ပြည် သုံးလေးထောင် ပေးဝယ်စားနေရတာ ကျတော်တို့ ရတဲ့ နေစားခနဲ့ ကျတော့်မိသားစုနဲ့က ထမင်း နပ်မှန်အောင်တောင် မနည်းစားနေရတယ်။ အခု ဒီမှာ (ထိုင်း) လာ အလုပ် လုပ်ရတာလဲ သူများဆီ ၁၀ တိုးယူပြီး ထွက်လာရတာ၊ တစ်လ ၈ သိန်းလောက် အိမ်ပြန်ပို့နိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။
သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အများစုသည် ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲငါးပိကို အဓိကထား စိုက်ပျိုးပြီး ထို မတ်ပဲ၊ ပဲငါးပိ ရိတ်သိမ်းချိန်တွင် စက်ဖြင့် ရိတ်သိမ်း၍မရဘဲ လုပ်သားအင်းအားကို အဓိက အားထားပြီး ရိတ်သိမ်းရသည့်အတွက် ယခုကဲ့သို့ လုပ်သားရှားပါးလာမှုကြောင့် သီးနှံများ အချိန်အခါမီ မရိတ်သိမ်းနိုင်ဘဲ ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်းလည်း လက်ပံတန်းမြို့ခံ စိုက်ပျိုးရေး ပညာရှင်တစ်ဦးက MPA သို့ ပြောသည်။


