မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်၌ အကျဉ်းသားများအား နိုင်ငံခြားဆေးဝါးပို့ခွင့် ကန့်သတ်ထားသော ကြောင့်၊ ယခုကဲ့သို့ ရာသီအကူးအပြောင်းတွင် ဖြစ်ပွားသည့် ဖျားနာမှုများအတွက် အကျဉ်းသားများအနေဖြင့် ဆေးဝါး အခက်အခဲများဖြစ်ပေါ်နေသည်ဟု အကျဉ်းသားမိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
“ အခုချိန်က ရာသီအကူးအပြောင်းဆိုတော့ လူတိုင်းလိုလိုဖျားနာကြတယ်။ သားလေးက ထောင်ထဲမှာ သူဖျားနေတယ်။ မျက်စိပါနာနေတယ်ဆိုတာ၊ သူ့သူငယ်ချင်း မိဘ ထောင်ဝင်စာလာပို့ချိန်မှာ လိုအပ်တာတွေဝယ်လို့ရအောင်၊ သူငယ်ချင်းကနေ တစ်ဆင့်မှာလိုက်လို့ အန်တီလည်း လိုအပ်တဲ့ အဖျားပျောက်ဆေး ၊ပိုးသတ်ဆေး၊ အကိုက်အခဲ ပျောက်ဆေးရယ်၊ မျက်စဉ်းလေးရယ်ဝယ်ပြီး မနေ့က ထောင်ဝင်စာသွားပို့တော့ ဒီဆေးတော့ လက်မခံဘူး ပြောပြီးပြန်ပေးတာ” ဟု ထောင်ဝင်စာသွားပို့သူ မိခင်တစ်ဦးက MPA ကိုပြောသည်။
ယခင်က ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသားများထံမှ နိုင်ငံခြားဆေးများ ပို့ခွင့်ရရှိခဲ့သော်လည်း၊ ယခုနောက်ပိုင်း၊ ပို့ခွင့်မရသည်မှာ နှစ်လကျော်ခန့် ရှိပြီ ဖြစ်ကာ၊ မြန်မာဆေးပေးပို့ ခွင့်ရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ အကျဉ်းသားတွေပဲ နိုင်ငံခြားဆေးပေးပို့ခွင့်ပိတ်ထားတာမဟုတ်ပါဘူး။ အကျဉ်းထောင်ကိုလှုဒါန်းနေကြ အဖွဲ့တွေ ကော နိုင်ငံခြားကဆေးဝါးထောက်ပံ့တဲ့ အဖွဲ့တွေအားလုံးဆီက နိုင်ငံခြားဆေးပေးပို့ခွင့်တွေ ကန့်သတ်ထားတာပါ၊ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်တို့လည်းအတိအကျတော့ မသိဘူး။ အထက်အမိန့်အရလို့ဘဲပြောရမယ်၊ မြန်မာဆေးတွေတော့ အကန့်အသတ်မရှိပေးပို့လို့ရသလို နိုင်ငံခြားဆေးတွေကိုတော့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ကန့်သတ်လိုက်တာပါ” ဟု ကျိုက်မရော အကျဉ်းထောင်၊ ထောင်ဝင်စာဌာနရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ အကျဉ်းထောင်များအတွင်း နိုင်ငံခြားဆေးဝါးပို့ခွင့် ကန့်သတ်ထားသည့်အတွက် နာတာရှည်ဝေဒါနာဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် ကဲ့သို့သော ရောဂါရှင်အကျဉ်းသားများအတွက် အလွန်ခက်ခဲနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ သမီးဖြစ်သူက ပြောသည်။
“ ကျမအဖေက ဆီးချိုဝေဒေနာသည်ပါ၊ အခုသူ့ကိုဆီးချို English ဆေးဝါးပေးပို့လို့မရတော့ဘူး။ မြန်မာဆေးဖြစ်တဲ့ ဖျံ(၅) ကောင်တို့၊ ဆေးခါးကြီးတို့ပဲပေးလို့ရတော့တယ်။ ဆီးချိုဝေဒနာရှင်ဆိုတော့ သွေးတိုး ၊နှလုံး ၊ကျောပ်ကပ် အဲ့ဒါတွေကလည်း ဖြစ်သေး၊ ထောင်ထဲမှာသူ့ကို English ဆေးတိုက်တယ်ပြောတော့၊ ဘာဆေးလဲမေးလိုက်တော့ ဒီကိုဂျင်တို့ ပါတာစီတမောတို့တိုက်တာ၊ အနာနဲ့ဆေးနဲ့ကတစ်ခြားဆီပဲ၊ ထောင်ထဲမှာလဲ ဖေဖေလို ဝေဒေနာသည်တွေ အများကြီးရှိပါတယ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာတွေဘက်က ငဲ့ညှာစဉ်းစားစေခြင်ပါတယ်” ဟု ၎င်းက ပြောသည်။
အကျဉ်းထောင်များအတွင်း နိုင်ငံခြားဆေးများ ပို့ဆောင်ခွင့်မပြုသည့်အပြင် ကျန်းမာရေးဝန်ဆောင်မှုများကို ထိရောက်စွာမပေးသောကြောင့် နာတာရှည်ရောဂါရှိသည့် အကျဉ်းသားများ၊ ထောင်တွင်းသေဆုံးမှု မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရသည်။