မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် PDF တို့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့နေ အိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။
အောက်တိုဘာ ၁၃ရက်နေ့တွင် လှေခုတ်ရွာက အိမ် ၄လုံး၊ ကျွန်းညိုကျေးရွာ ၃လုံး၊ မြောက်ရွာ ၁၃လုံး၊ နံဘေးရွာ ၃လုံး၊ အောက်တိုဘာ ၁၄ရက်နေ့တွင် ကျွန်းကလေးရွာ ၂လုံး၊ ၊ နွယ်နီရွာ ၂လုံးနှင့် အောက်တိုဘာ ၁၅ရက်နေ့တွင် ကူနီရွာက ၇လုံး တို့ကို မီးရှို့ ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရ သည်။
“ ဆုံးရှုံးမှုကတော့ အိမ်မှာရှိတဲ့ပစ္စည်းအကုန်ကုန်တာပဲ။ သူတို့က ယူတာကိုး။ သူတို့မလိုချင်တဲ့ပစ္စည်းမျိုးဆို သေနတ်နဲ့ပစ်တယ်။ မီးရှို့တယ်။ သူတို့လိုချင်တာဆို မော်တော်တွေနဲ့တင်တယ်။ ထော်လာဂျီမောင်းတတ်တဲ့သူလည်းပါတော့ အဲဒါတွေနဲ့သယ်တယ်။ အိမ်မှာ ဘာမှမကျန်တော့ အကုန်လိုအပ်နေတာပဲ။ မီးထဲပါမသွားတဲ့ အိမ်ကလူတွေက ပါသွားတဲ့သူတွေကို အချင်းချင်းပြန်ကူညီရတာပေါ့။ မီးမလောင်ပဲကျန်ခဲ့တဲ့ သွပ်တွေနဲ့ တဲလေးပုံဖော်ပြီး နေနေရတယ်” ဟု မြောက်ရွာမှ စစ်တပ် မီးဘေးသင့်ပြည်သူတဦးက MPA သို့ပြောသည်။
လက်နက်ခဲယမ်းမလုံလောက်မှုနှင့် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးမှုတို့ ကြောင့် စစ်တပ်က ရပ်ရွာမီးရှို့မှုများကို ဟန့်တားနိုင်ခြင်းမရှိသေးကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊သတင်းပြန်ကြားရေး တာဝန်ခံကပြောသည်။
“ ရေလယ်ကျွန်းကို စစ်ကြောင်းက အမြဲမထိုးဘူး။ ထိုးပြီးဆိုရင်လည်း အင်အား ၂၀၀ ၃၀၀ လောက်နဲ့ထိုးတာ။ အများကြီးလည်းပြင်ဆင်လာတယ်။ ပခုက္ကူတပ်မ -၁၀၁၊ မြင်းခြံဘက်ကနေလည်း လွှတ်ပြီး နှစ်ဖက်ညှပ်လာတာ။ သူတို့က သာလွန်အင်အားနဲ့ချည်း အမြဲတမ်းလာတယ်။ ကျနော်တို့ ကာကွယ်ရေးဘက်တွေမှာလည်း ဖြတ်တောက်နိုင်တာ ရှေ့ပြေးလောက်ပဲဖြတ်တောက်နိုင်တယ်။ သာလွန်အင်အားကို သွားတိုက်ရင် အကုန်လုံးသေသွားနိုင်တယ်။ အဓိကကတော့ ပြည်သူတွေကို အရင်ဘေးကင်းအောင်လုပ်တယ်။ လက်နက်ခဲယမ်းကွာဟမှုကြောင့် မဟန့်တားနိုင်ဘူး” ဟု ၎င်းကပြောသည်။
မီးဘေးသင့်နေအိမ် ၃၄လုံးကို Myingyan Black Tiger က ၁ အိမ်လျှင် ဆန် ၁ အိတ်စီ လှူဒါန်းခဲ့သည်။
“ ရွာထဲပြန်ဝင်လို့ရတာ တစ်ပတ်လောက်ပဲရှိဦးမယ်။ ပြည်သူ ဒုက္ခရောက်နေရင် ကျနော်တို့ ဒုက္ခရောက်တာပဲ။ ပြည်သူနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲ။ အဲ့ဒါကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေတဲ့အချိန် အခုလိုကူညီတာပါ” ဟု Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
အောက်တိုဘာ ၁၂ရက်နေ့နှင့် ၁၃ရက်နေ့တွင် ယင်းစစ်ကြောင်းနှင့် PDFပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၄၀ ခန့်သေဆုံးခဲ့ကာ အထိနာခဲ့သဖြင့် ယင်းသို့ မီးရှို့သွားကြောင်း သိရသည်။





