မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲသို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ၉ ရက် တာ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း အောက်တိုဘာ ၁၃ ရက်မှ ၂၁ ရက်နေ့ အထိ စစ်ကောင်စီတပ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်သားအင်အား ၁၅၀ ပါ စစ်ကြောင်းကို အောက်တိုဘာ ၁၂ ရက်နေ့မှစတင်ကာ ဒရုန်းဖြင့်ဗုံးသီးချ တိုက် ခိုက် ခဲ့သည့်အပြင် အောက်တိုဘာ ၁၇ရက်နေ့တွင်လည်း ရေယာဥ်ကျေးရွာထိပ်၌ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၉ရက်တာမှာ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာတာ၊ နေ့စဥ်နဲ့အမျှ အချိန်နဲ့အမျှဖြစ်တာတော့မရှိဘူး။ ဖြစ်တဲ့ပွဲတွေမှာ သူတို့ ၁၆ ယောက်သေတယ်၊ဒဏ်ရာရတဲ့ကောင်တွေက ၃၀ ကျော်တယ်ဆိုတာကို ဒေသခံတွေပြောပြချက်အရအတည်ပြုနိုင်ခဲ့တာပါ” ဟု ၎င်းကပြောသည်။
ထိခိုက်ဒဏ်ရာရသောစစ်သားများကို နာရေးကားဖြင့်သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့်တပ်သည် အောက်တိုဘာ ၁၄ရက်နေ့တွင် တကောင်း တိုက်နယ်အတွင်းရှိ သီးကုန်းရွာကိုမီးရှို့ခဲ့ပြီး အောက်တိုဘာ ၁၆ရက်နေ့တွင် ရေယာဥ်ရွာနှင့် အောက်တိုဘာ ၁၇ရက်နေ့တွင် မတောင်ရွာတို့ကို မီးရှို့ခဲ့ရာ စုစုပေါင်း အိမ်၆လုံး မီးလောင်ပြာကျခဲ့သည်။
“ စစ်ကြောင်းက ဝေးသွားတော့ တချို့ပြန်ရောက်နေကြပြီ။ ပေါ်တော်မူက ဒေသခံ ရွာသား ၂ဦး အသတ်ခံရတာ သေတော့ မသေချာသေးဘူး” ဟု PDF နှင့်နီးစပ်သူတစ်ဦး ကပြောသည်။
တိုက်ပွဲများကြောင့် ကိုးပင်၊ဝါးရုံကုန်း၊သီးကုန်း၊ဆယ်ဇင်းကုန်း၊လက်ပန်ကုန်း၊ရေယာဉ်၊မတောင်၊ ပေါ်တော်မှုနှင့်ဆင်ညှပ်ကုန်းရွာများမှဒေသခံ ထောင်နှင့် ချီထွက်ပြေးခဲ့ရပြီး ယခုအခါ စစ်ကြောင်း နှင့် ဝေးသည့်ကျေးရွာများမှ ပြည်သူများမှာ ၎င်းတို့ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေပြီဖြစ် ကြောင်းသိရသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရခြင်းအပေါ် MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။