ရန်ကုန်မြို့၌ ယနေ့(အောက်တိုဘာ ၂၄ရက်)၊ နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်၊ တစ်မြို့လုံးနီးပါး လမ်းပေါ်ရေကျော်မှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ယာဥ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ နေ့လယ် ၂နာရီကျော်မှ ညနေ၄နာရီဝန်းကျင်ထိ ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာခဲ့ပြီး၊ လေပြင်းတိုက်ခိုက် မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုမှာ နာရီပိုင်းခန့်သာ ရှိခဲ့သော်လည်း၊ ရေပါဝင်မှုနှုန်း များသဖြင့် ဗဟန်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ပုဇွန်တောင်၊ သာကေတ ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်များ၌ လမ်းမများပေါ်တွင် ရေကျော်ကာ၊ ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
အထူးသဖြင့် ယုဇနပလာဇာနှင့် အနီးတစ်ဝိုက်၊ ကန်တော်ကြီး၊ ဗဟန်း ၃လမ်း အနီးတစ်ဝိုက်နှင့် အရှေ့မြင်းပြိုင် ကွင်းလမ်း အနီးတစ်ဝိုက်၌ ဆိုးဆိုးရွားရွား ရေလျှံမှုများ ဖြစ်ခဲ့ပြီး ယာဥ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရသည်။
“ ပလာဇာမှာ ရေကြီးတာ ကားတွေပိတ် ဘယ်လိုမှကို သွားမရဘူး။ မိုးရွာတာ ခဏလေး ရေကပါတော့၊ ရေတွေကြီး ကုန်တာ” ဟု တာမွေမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။
ထို့ပြင် လမ်းများပေါ် ရေကျော်ကာ ယာဥ်ကြောပိတ်ဆို့မှုများ၊ ဆိုးဆိုးရွားရွား ဖြစ်ခဲ့သဖြင့် ရုံးဆင်းချိန် ကားမှတ်တိုင် များ၌ လူများစုပုံကုန်ပြီး၊ အိမ်ပြန်ရန် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
“ ဘယ်လိုမှ စီးလို့မရဘူး။ ၂၅ တွေဆို နောက်တံခါးရော ရှေ့တံခါးမှာပါ တွယ်စီးကုန်တာ။ ဘယ်လိုမှ တက်လို့ကိုမရတာ၊ ရေကြီးတော့ လိုင်းကားတွေလဲ အကုန်လူတွေပြည့်၊ အတော် ဒုက္ခရောက်တယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၌ အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်၌ အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေပြီး၊ အဆိုပါမုန်တိုင်း ကြောင့် ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခု၌ မိုးများမည်ဟု မိုးဇလက ထုတ်ပြန်ထားပြီး၊ အောက်တိုဘာ ၂၆ ရက်အထိ မိုးရွာသွန်းနိုင်ကြောင်းလည်း သိရသည်။


