ရန်ကုန်မြို့တွင် လက်ဖက်ရည်တစ်ခွက်ဈေး ကျပ် ၁၀၀၀ ကျော်လာပြီး ဘီယာဈေးနှင့် မတိမ်းမယိမ်းဖြစ်လာကြောင်း သိရသည်။
ဇူလိုင် ဒုတိယပတ်မှ စတင်ကာ ရန်ကုန်မြို့၊စမ်းချောင်း၊ကြည့်မြင်တိုင်နှင့် အလုံမြို့နယ်တို့တွင် လက်ဖက်ရည်တစ်ခွက်လျှင် ကျပ် ၈၀၀မှ ၁၅၀၀ ကြားအထိ ရှိလာပြီး ကော်ဖီမစ်ပလိန်းတစ်ခွက်လျှင်ကျပ် ၄၀၀မှ ၆၀၀ ကြားအထိ ရှိလာကြောင်း စမ်းချောင်းမြို့သား တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
“ ကျနော်က တက္ကစီမောင်းတာဆိုတော့ တစ်နေကုန်သွားနေရတာပေါ့။ပြီးခဲ့တဲ့ ၂ လလောက်ကစပြီး လက်ဖက်ရည်ဈေးနဲ့ ကော်ဖီဈေးက မြင့်လာတယ်။အခုဆို စမ်းချောင်းထဲက လက်ဖက်ရည်ဆိုင်တွေဆို ဆိုင်ဖျော် တစ်ခွက်ကို ၁၁၀၀ ပေးဝယ်သောက်ရတယ်။တိုင်ကီတစ်ခွက်ကို ၁၅၀၀ ပေးဝယ်သောက်ရတယ်။လမ်းဘေးဈေးတောင် ကော်ဖီပလိန်းတစ်ခွက်ကို ၅၀၀ ပေးဝယ်သောက်ရတယ်။အခုတော့ လက်ဖက်ရည်အစား ဘီယာပြောင်းသောက်လိုက်တယ်။ ဈေးမှ သိပ်မကွာတော့တာ” ဟု ၎င်းက ပြောသည်။
၂၀၂၃ခုနှစ်၊ဇွန် လဆန်းပိုင်းမှစတင်ကာ လက်ဖက်ရည်ဈေးနှုန်း စတင်မြင့်တက်လာပြီး လက်ဖက်ရည်တစ်ခွက်လျှင် ဆိုင်အပေါ်မူတည်၍ ကျပ် ၆၀၀မှ ၈၀၀ကြား ပေးရကာ ကော်ဖီမစ်ပလိန်းတစ်ခွက်လျှင် ကျပ် ၃၀၀မှ ၄၀၀ ကြား ပေးခဲ့ရကြောင်း အလုံမြို့နယ်နေ လက်ဖက်ရည်နေ့စဉ် သောက်သုံးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ အခုက ဈေးတွေအကုန်တက်တယ်ဆိုပြီး လက်ဖက်ရည်နဲ့ ကော်ဖီဈေးတွေ တက်လာတာ။အခု ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တွေမှာဆို ထိုင်တဲ့သူတွေ နည်းသွားတယ်။အရင်က ၅၀၀ရှိရင် လက်ဖက်ရည်ဆိုင်သွားလို့ရရာကနေ တစ်ယောက်တည်းထိုင်မယ်ဆိုတောင် ၁၅၀၀လောက်ပါမှ ထိုင်လို့ရတဲ့ အခြေအနေဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
ယခုလို လက်ဖက်ရည်နှင့် ကော်ဖီ ဈေးနှုန်း မြင့်တက်လာခြင်းမှာ ဆက်စပ်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး အသင့်ဖျော် ကော်ဖီထုပ် ဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် လည်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်တွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
“ အခုကာလက ဆိုင်ရပ်တည်ဖို့ တော်တော်ကြိုးစားနေရတာပေါ့။ နို့ဆီ၊ နို့စိမ်းနဲ့ မလိုင်တွေကလည်း ဈေးတက်တယ်။ မီးကမမှန်တော့ ရေခဲသေတ္တာအတွက် မီးစက်နှိုးရတယ်။နောက်တစ်ခုက အခု Superကော်ဖီမစ်တစ်ထုပ်ကို ၂၈၀ ကနေ ၃၀၀ အထိ ပေးဝယ်နေရတာ။ကျွန်တော်တို့ကလည်း ဆိုင်ခန်းခ၊မီတာခပါ ထည့်တွက်ရတော့ ၅၀၊ ၁၀၀ လောက် အမြတ်ပဲရတာ လူမမြင်ဘူး။ဈေးတက်လာတယ်ပဲ ပြောကြတာပေါ့။သောက်တဲ့သူက အရင်ကထက် အများကြီး မလျော့သွားပေမယ့် လုံးဝမလာတော့တဲ့ သူတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ဆင်ခြေဖုံး မြို့နယ်များဖြစ်သည့် မြောက်ဒဂုံ၊တောင်ဒဂုံ၊ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ တွင် လက်ဖက်ရည်တစ်ခွက်(ဆိုင်သောက်ရိုးရိုး)လျှင် အနိမ့်ဆုံးဈေး ကျပ် ၈၀၀ပေး ရပြီး လက်ဖက်ရည်(ဆိုင်သောက်ရှယ်)တစ်ခွက်လျှင် ကျပ် ၁၂၀၀ကျပ်နှင့် ပါဆယ်တစ်ခွက်လျှင် ကျပ် ၁၅၀၀ပေးရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ရန်ကုန်မြို့တွင် ဆိုင်အမျိုးအစားပေါ်မူတည်၍ Chang တံဆိပ် စည်ဘီယာတစ်ခွက်လျှင် ကျပ် ၁၂၀၀ မှ ၁၃၀၀ ကြား၊Tigerစည်တစ်ခွက်လျှင် ကျပ် ၁၄၀၀မှ ၁၆၀၀ ကြား၊ Heineken စည်တစ်ခွက်လျှင် ကျပ်၁၈၀၀ နှင့် Tuborg စည်တစ်ခွက်လျှင် ကျပ်၂၀၀၀ မှ ၂၂၀၀ ကြားရှိကြောင်း သိရသည်။