ရန်ကုန်ရှိပုဂ္ဂလိက ကျောင်းများ၌ CDM ဆရာ/ဆရာမများအား လုံးဝ အလုပ်ခန့်ထားခြင်း၊ မပြုရန်အတွက် စစ်ကောင်စီက ထပ်မံ ဖိအားပေးတင်းကျပ်ထားကြောင်း၊ ပညာရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကျောင်းများကို၊ ယခုလ(အောက်တိုဘာ) လဆန်းပိုင်းမှစတင်ကာ CDM ဆရာ၊ ဆရာမများအား အလုပ်မခန့်ရန်အတွက် စစ်ကောင်စီ ညွှန်ကြားချက်တစ်စောင် ထပ်မံရောက်ရှိလာခြင်းဖြစ်ကြောင်း ပုဂ္ဂလိကျောင်း တစ်ခုရှိ HR ဝန်ထမ်းတစ်ဦးက ပြောသည်။
“ CDMဆိုရင် မခန့်နဲ့၊ ခန့်လို့ မိရင် ကျောင်းကို ချိတ်ပိတ်မယ့် ပုံစံမျိုးထိ ဖိအားပေးထားတယ်။ အဲ့ဒီတော့ ကျောင်းဘက် ကလည်း CDM ဟုတ်မဟုတ် သေချာ စီစစ်ရတဲ့ အပိုင်းတွေ ရှိလာတယ်” ဟု HR ဝန်ထမ်းက ပြောသည်။
ယင်းသို့ ဖိအားပေးတင်းကျပ်လာသော်လည်း၊ တစ်ဖက်တွင် စစ်ကောင်စီက ၎င်းတို့၏ ကျောင်းများ၌ CDM ဆရာ၊ဆရာမများအား တာဝန်ပြန်ထမ်းဆောင်ရန် အတွက် ဆက်သွယ်စေမှုများလည်း ရှိထားကြောင်း၊ CDM ဆရာ၊ဆရာမများအနေဖြင့် စစ်ကောင်စီ လက်အောက်၌ တာဝန်ပြန်ထမ်းဆောင်ရန်၊ ဆန္ဒမရှိသကဲ့သို့ ယုံကြည်မှုလည်း မရှိကြောင်း သာကေတမြို့နယ်ရှိ CDM ဆရာတစ်ဦးက ဆိုသည်။
” သူတို့(စစ်ကောင်စီ) လိုက်ဆက်သွယ်နေတယ်။ ဟိုတစ်လောကလည်း သတင်းတွေ့လိုက်သေးတယ်။ ဒါပေမယ့် ဘယ်လို ယုံကြည်ရမှာလဲ၊ အစောထဲက သူတို့လက်အောက်မှာ မလုပ်ချင်လို့ CDM လုပ်ခဲ့ပြီးပြီ၊ ပြန်လုပ်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် CDM ဆရာ၊ ဆရာမများ သည် CDM ပြုလုပ်ခဲ့ပြီးသည့်အချိန်မှစတင်ကာ၊ အလုပ်အကိုင် အတည်တကျ မရှိတော့သဖြင့် စားဝတ်နေရေး ကျပ်တည်းမှုများကို ကြုံတွေ့နေရပြီး၊၊ လုံလောက်သည့် ထောက်ပံ့ မှုများကိုလည်း၊ မရရှိသောကြောင့် CDM ဆရာ၊ ဆရာမများသည် စားဝတ်နေရေးပြသာနာကို ဖြေရှင်းနိုင်ရန်အတွက် ကြုံရာ အလုပ်များကို လုပ်ကိုင်နေရကြောင်းလည်း အင်းစိန်မြို့နယ်ရှိ CDM ဆရာမတစ်ဦးက ပြောသည်။
ယင်းအပြင် CDM ဆရာ၊ ဆရာမများကို ပုဂ္ဂလိက ကျောင်းများကလည်း အလုပ်မခန့်ထားရဲခြင်း၊ ကျူရှင်သင် ပြပါကလည်း သတင်းပေးများ၏ အန္တရာယ်ကို စိုးရိမ်ရခြင်းများကြောင့် သိုသိပ်စွာနေထိုင်နေရကြောင်းလည်း သိရသည်။
” တစ်နေ့တစ်နေ့ ဆန်၊ ဆီ၊ ဟင်းချက်စရာ ဆေးဖိုးတွေ၊ အဲ့ဒါတွေအတွက် ရုန်းကန်နေရတာက ငြိမ်းချမ်းချင်တယ်။ ငြိမ်းချမ်းဖို့ဆိုတာကလည်း သေမှ ငြိမ်းချမ်းရမှာ” ဟု စားဝတ်နေရေး ကျပ်တည်းနေသည့် CDM ဆရာမတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းကာလ သုံးနှစ်နီးပါး ရှိလာချိန်တွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ အစိုးရကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများသည် အာဏာမသိမ်းခင်က ကဲ့သို့ပင် ပြန်လည်ဖွင့်လှစ်လာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
လက်ရှိ ပုဂ္ဂလိကကျောင်းများ၌ အလုပ်လုပ်ကိုင်နေသော ဆရာ၊ဆရာမ များ၏ လုပ်ခလစာမှာ ကျပ် ငါးသိန်း အထက်တွင်ရှိပြီး၊ သင်ကြားနိုင်မှုအပေါ် မူတည်၍ တစ်လ ကျပ်ငွေ ဆယ်သိန်းခန့်ရရှိသူများပင်ရှိသော်လည်း၊စစ်ကောင်စီ၏ ပညာရေးစနစ်အား အသက်မဲ့စေရန် စွန့်လွှန်အနစ်နာခံခဲ့သူ CDM ဆရာ၊ဆရာမများမှ စားဝတ်နေရေးကျပ်တည်းနေရပြီး၊ ဖမ်းဆီးခံရခြင်း အန္တရာယ်ကိုလည်း စိုးရိမ်စွာ နေထိုင်နေရကြောင်းလည်း CDM ဆရာ၊ ဆရာမများထံမှ သိရသည်။