စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ရထားသံလမ်းပြုပြင်ရေး တာဝန်ကျစစ်တပ်က ဒေသခံ ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ၂၄ ရက်)နံနက် ၁၀ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲရွာထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်လာကာ ရွာသား ၁၂ ဦး ကို သာလိုင်းရွာဘူတာရုံသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
” မနက်ခင်းပိုင်းကပဲ စစ်တပ်က ဖမ်းခေါ်သွားတာ။ စာရင်းအရတော့ ၁၂ ယောက်ရှိတယ်။ ရွာထဲကို လက်နက်ကြီးပစ်ပြီးဝင်တာ ရုတ်တရက်ဝင်လာတော့ ပြေးချိန်မရလိုက်တာ။ ဒါနဲ့ပဲ စစ်တပ်က ဖမ်းခေါ်သွားတာခံရတာပါ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူများထဲတွင် အမျိုးသမီး ၆ ဦးပါဝင်ပြီး အသက် ၆၀ အရွယ် အမျိုး သားတစ်ဦးမှာ လက်မောင်း ကျည်ထိမှန် ဒဏ်ရာရထားကြောင်း သိရသည်။
ဖမ်းဆီးခြင်းခံရသူ ၁၂ ဦးနှင့်ပတ်သက်ပြီး ယနေ့ညနေပိုင်းအထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။
” အရင်ကဖမ်းသွားတာတွေလည်း ရှိတယ်။ပြန်လွတ်လာတဲ့သူ နည်းတယ်။ မိန်းကလေး တချို့သာ လွတ်မြောက်လာတာ။ ဖမ်းဆီးခံရပြီး သေပြီလို့ သတင်းကြားတဲ့သူက များတယ်” ဟု ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း(ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေး အင်အားစု) တပ်ရင်းမှူး ဗိုလ်စွန်ရဲ က ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့အထိ ဝက်လက်ဒေသခံ ၈၀ ကျော်ကို ရထားသံလမ်းပြင်နေသည့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်မြောက်သူ ၅ ဦး ခန့်သာ ရှိသေးကြောင်း သိရသည်။
‘‘ အခု စစ်တပ်က ဝက်လက်နဲ့ ၁၀ မိုင်လောက်အကွာမှာပဲ ရထားလမ်းပြင်နိုင်သေးတာပါ။ အဲ့ဒီနေရာကနေ မရွေ့နိုင်ပါဘူး။ ဒီနေရာ ဒီနေရာမှာပါပဲ။ ရှေ့လည်းမတိုးနိုင် နောက်လည်း မဆုတ်နိုင်ပါဘူး ‘‘ဟု ဗိုလ်စွန်ရဲက ပြောသည်။
ရထားသံလမ်းပြုပြင်ရေးစစ်တပ်က တပ်စွဲထားခြင်းကြောင့် ဝက်လက်မြို့နယ်၊ရွာ ၁၀ ရွာမှာ ဒေသခံ တစ်သောင်းခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။
ယနေ့တွင် ဝက်လည်ရွဲရွာထဲရှိ ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်က လုယက်သွားသေး ကြောင်းသိရသည်။