ကယား(ကရင်နီ)ပြည်နယ်၊လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံတစ်ဝိုက် တွင် စစ်တပ်က ကင်းပုန်းချကာ စစ်ဆေးနေကြောင်း သိရသည်။
အောက်တိုဘာ ၂၃ရက်နေ့ နေ့ခင်းပိုင်းက လွိုင်ကော်ပြည်သူ့ဆေးရုံသို့ အရေးကြီးလူနာတစ်ဦးရောက်ရှိနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ် က ကင်းပုန်းချကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မြို့အဝင်က ၂၆၁(ခလရ-၂၆၁တပ်ရင်း) အဲ့ဘက်ရယ်နဲ့ ၄ မိုင်သင်္ချိုင်းမှာ စစ်တပ်က ကင်းပုန်းချထားတယ်။ဒီနေ့ မနက် ၇နာရီလောက်ကမှ စချတာ။နမ့်ကွတ်တစ်ကြော နဲ့ ဆေးရုံကုန်းနားတစ်လျှောက်မှာ စစ်သားတွေအပြည့်ပဲ” ဟု ၎င်းက ပြောသည်။
လမ်းသွားလမ်းလာ ပြည်သူတိုင်းကို စစ်ဆေးခြင်းမရှိသော်လည်း စစ်ဆေးခံရသူများအား မည်သည့်နေရာသို့ သွားမည်နည်းဟု မေးကြောင်းလွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
“ ဆေးရုံကုန်းပတ်ပတ်လည်မှာတော့ စစ်သားတွေ အများကြီးပဲ။အယောက် ၃၀ကျော်မယ်ထင်တယ်။လူကိုတော့ ဖုန်းတွေဘာတွေမစစ်ဘူး။ဘယ်သွားမှာလဲ၊ဒီဘက် ဘာလာလုပ်တာလဲတော့ မေးတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ ညနေ ၆နာရီခန့်က လွိုင်ကော်မြို့ပြင်တစ်နေရာတွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က နမ့်ကွတ်ရပ်ကွက် နှင့် လွိုင်ကော်ဆေးရုံကြီးနားသို့ ကင်းပုန်းများချထားခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မနေ့က မြို့ပြင်မှာ ပစ်ခတ်မှုကြားတယ်။အဲ့ဒါ ဖြစ်ပြီးမကြာဘူး။ စစ်တပ်တွေ ကင်းပုန်းစချတော့တာပဲ။ဒီနေ့ကတော့ မနက်၇နာရီလောက်ကတည်းက စစ်နေတာ အခုထိပဲ။စစ်တပ်က အရိုးထိခိုက်တဲ့ လူနာတွေကို အဓိကထားစစ်နေတယ်ပြောတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ (အောက်တိုဘာ၂၄ရက်)ညနေပိုင်းအထိ လွိုင်ကော်မြို့တွင်းရှိ ရပ်ကွက်အချို့နှင့် လွိုင်ကော်မြို့ပြင်တို့ တွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ကာ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။