၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာနသို့ တိုင်တန်းလာသော အမှုပေါင်း သုံးထောင်ကျော်ရှိကြောင်း ရက္ခိုင့်တပ်တော်အေအေ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရက္ခိုင့်တပ်တော်အေအေ၏ Justice For Arakan မှ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားသည့် အချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အမှုလက်ခံ စုစုပေါင်း (၃၁၁၂) မှုထိရှိပြီး ယင်းအမှုများထဲတွင် ရာဇဝတ်မှု ၁၃၉၁ မှုနှင့် တရားမမှု ၁၇၂၁ မှု ပါဝင်ကြောင်း သိရသည်။
“ULA/AAရဲ့ အာရက္ခပြည်သူ့အစိုးရဟာ တရားစီရင်ရေးကို ၇၅ ရာခိုင်နှုန်းနဲ့ အုပ်ချုပ်ရေးကို ၇၀ ရာခိုင်နှုန်း ရတယ်လို့ ကြေညာထားပြီးသားပါ။ ပြည်သူတွေအနေနဲ့ကလည်း စစ်ကောင်စီဘက်မှာ တရားစွဲတာတွေကို အယုံအကြည်မရှိတဲ့ အနေအထားမှာရှိတယ်။ တစ်ဘက်မှာကလည်း အာရက္ခပြည်သူ့အစိုးရကို အားကိုးအားထားပြီး တိုင်တန်းလာတာတွေလည်း ရှိတာပေါ့။ တစ်ချို့နေရာတွေကိုတော့ အားရကျေနပ်မှုရှိပါတယ်။ နောက်တစ်ချက်က အာရက္ခပြည်သူ့အစိုးရရဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို အကြွင်းမဲ့ ယုံကြည်ပါတယ်”ဟု လူ့အခွင့်ရေးလှုပ်ရှားသူ တစ်ဦးမှ MPAသို့ ပြောသည်။
၂၀၂၂ ခုနှစ် လက်ကျန်အမှု စုစုပေါင်း ၂၈၈၂ မှုနှင့် ၂၀၂၃ ခုနှစ် ကိုးလအတွင်း တိုင်တန်းလာသည့်အမှုပေါင်း ၃၁၁၂ တို့ကို အာရက္ခပြည်သူ့အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ရာ အမှုပေါင်း ၃၄၂၂ မှုအထိ ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။
“အမှုတွေ အများကြီးဖြစ်တယ်။ ဘာလို့ဖြစ်လဲဆိုတော့ အစိုးရနှစ်ရပ်လုံးက ထဲထဲဝင်ဝင်လုပ်လို့ မရနေဘူး။ အခုလို ULA/AA ကို တိုင်တန်းလာတဲ့ အမှုတွေက ဘာလို့များလဲဆိုရင်တော့ ကိုယ့်ပြည်သူ့အစိုးရကို ကိုယ်ယုံကြည်လို့ပဲ။ စစ်ကောင်စီကို မတိုင်တာကတော့ ရှင်းပါတယ်။ သူတို့ကို မယုံတာပဲလေ။ သူတို့က ဥပဒေကို လိုသလို အသုံးချနေတာပဲလေ” ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ဖြေရှင်းရန် ကျန်ရှိနေသည့် အမှုစုစုပေါင်း ၂၅၇၂ မှု ရှိပြီး ယင်းအမှုများတွင် ရာဇဝတ်မှုပေါင်း ၈၅၀ နှင့် တရားမမှုပေါင်း ၁၇၂၂ မှု ပါဝင်ပြီး တရားမမှုသည် ရာဇဝတ်မှုထက် ပိုများနေရခြင်းမှာ အမှုဖြေရှင်းရာ၌ ရာဇဝတ်မှုထက် တရားမမှုသည် ကြန့်ကြာတတ်သောကြောင့် ဖြစ်ကြောင်း သိရသည်။
“အခုနောက်ပိုင်းဆို ခိုဆိုးလုယက်တွေက ခပ်များများဖြစ်လာတယ်။ ရဲစခန်းတွေ ဘာတွေကို တိုင်လို့တော့ ရပေမယ့် ပြန်မရတာက ပိုများတယ်။ အဲ့ဒါကြောင့် မတိုင်ကြတော့တာများတယ်။ ခိုးခံရလို့ ဆုံးရှုံးတာက တစ်မျိုး သူတို့ဆီတိုင်လို့ရှိရင်လည်း အလုပ်ရှုပ် အချိန်ကုန်ပြီး ပြန်မရကြတော့ မတိုင်တော့တာပေါ့။ သူတို့ဆီမှာက တိုင်တန်းလိုက်ရင်လည်း အားကြိုးမာန်တက် လုပ်ပေးတာမျိုးတော့ မရှိဘူး။ အဲ့ဒါကြောင့် ဒီဘက်မှာက ရခိုင်ပြည်သူ့အစိုးရရှိနေသေးတာဆိုတော့ အဲ့ဒီမှာပဲ သွားတိုင်တယ်။ တစ်ခုရှိတာက သူတို့အနေနဲ့ တရားဝင်အနေနဲ့ လုပ်လို့ မရနေသေးပေမယ့် ထင်သလောက်တော့ ခရီးမပေါက်တော့ဘူး။ စစ်ဆေးစရာရှိတာ စစ်ဆေးပေးတယ်။ ဖြေရှင်းနိုင်တာတွေလည်း ရှိတယ်။ အဲ့ဒီတော့ အခုနောက်ပိုင်းတွေမှာဆို ရဲစခန်းမသွားတော့ဘူး ရခိုင်ပြည်သူ့အစိုးရဆီပဲ တိုင်တော့တာ” ဟု ရခိုင်ပြည်နယ် မြောင်းဘွေမှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင့်တပ်တော် အေအေအနေဖြင့် အာရက္ခပြည်သူ့အစိုးရ တရားဥပဒေရေးရာဌာနအား ပိုမိုကောင်းမွန်သော တရားစီရင်ရေးစနစ် ဖြစ်လာစေရန်အတွက် ရခိုင်ပြည်အတွင်း ပညာတတ်လူငယ်များအား အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်းတက်ရောက်ရန် သင်တန်းသားများအဖြစ် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ကာ ခေါ်ယူနေသည်။