စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဆားကုန်းကျေးရွာရှိ နေရပ်စွန့်ခွာသွားကြသော ပြည်သူ တို့၏ နေအိမ်များကို စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့က လျှော့ဈေးဖြင့် ရောင်းစားနေကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီး မကြာမီမှာပင် ကန့်ဘလူမြို့နယ်၊ဆားကုန်းကျေးရွာတွင် ပျူစောထီး စခန်းဖွင့်ကာ စစ်တပ်က အထိုင်ချခဲ့သောကြောင့် ယင်းရွာရှိ ပြည်သူ သုံးပုံနှစ်ပုံခန့် ရပ်ရွာစွန့်ခွာ ထွက် ပြေးသွားကြခြင်းဖြစ်ပြီး ထွက်ပြေးသွားသူတို့၏ အိမ်ကို ယခု ရောင်းချခြင်းဖြစ်ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” သူတို့က ရွာထဲက ထွက်သွားတဲ့သူတွေရဲ့ အိမ်တွေရောင်းတာတင်ကိုမဟုတ်ဘူး။ လယ်၊ ယာ တွေ၊ ကျွဲတွေ၊ နွားတွေကိုရော ရောင်းတာပဲ။၊ရွာက အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတယ် ။ပထမ ချိတ်ပိတ်ထားပြီးတော့ နောက်မှ ရောင်းတာလို့ပြောတယ်။တခြားရွာတွေမှာလည်း အဲလို ရောင်းတာမျိုး ရှိပေမယ့် အတိအကျမသိရသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်တပ်နှင့် ပျူစောထီးတို့သည် ဆားကုန်းကျေးရွာရှိ ဦးတင်ငွေ(ခ)ဦးကုလား၊ဒေါ်ခင်စန်းဦးတို့၏ ကာလတန်ဖိုး ကျပ်သိန်း၂၀၀ နီးပါး ရှိအိမ်ကို ၃၅ သိန်းကျပ် ၊ဦးကျော်ဆွေ၊ဒေါ်သိန်းကြွယ်တို့၏ ကာလတန်ဖိုး ကျပ်သိန်း ၈၀ ခန့်ရှိ အိမ်ကို ကျပ်သိန်း ၂၀ နှင့် ဦးဂျာလီ+ဒေါ်နွယ်ခိုင်တို့၏ ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့်ရှိ နေအိမ်ကိုကျပ် ၁၅ သိန်း ဖြင့်ရောင်းစားလိုက် ကြောင်း Infinity Group ထံက သိရသည်။
” ဝယ်တဲ့သူတွေကလည်း ပျူတွေနဲ့ နီးစပ်တဲ့သူတွေပဲ။ အချောင်ဝယ်နေကြတာ ။သူတိူ့ကတော့ သူများအိမ်ဆိုတာ သိပေမယ့် စီးပွားရေးသမားဆိုတော့ သိပ်ပြီး အဲဒါတွေကိုထည့်မတွက်ဘူး” ဟု Kanbalu Drone Force မှတာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိ ဆားကုန်းရွာ၌ ကျန်ရှိနေကြသူများမှာ မိသားစုစားဝတ်နေရေးအခြေအနေအရ ထွက် မပြေးနိုင်ကြသော သာမန်ပြည်သူများနှင့် စစ်တပ်ကို ထောက်ခံသော ပျူစောထီးတို့ဖြစ်ကြောင်း သိရ သည်။
” ရွာထဲက သူတွေ ထွက်ပြေးနေရတာ တချို့တော့ကျန်သေးတယ်။ ထွက်ပြေးလို့ရှိရင် မင်းတို့ရဲ့ ပိုင်ဆိုင်မှုစည်းစိမ်တွေ အကုန်ယူပစ်မယ်လို့ခြိမ်းခြောက်တာတွေလည်းရှိတယ်။ အဓိကတော့ ပျုထဲကိုဝင်စေချင်တာပေါ့” ဟု Kanbalu Drone Force တာဝန်ရှိသူ ကပြောသည်။
စစ်တပ်နှင့်ပျူစောထီးတို့သည် နေရပ်စွန့်ခွာပြည်သူတို့ အိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို သိမ်း ဆည်းရောင်းစားကြသည်မှာ ကြာပြီဖြစ်ပြီး အိမ်ရောင်းချခြင်းမှာမူ ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။