ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ စစ်ကောင်စီမှ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် အရေးပေါ်လူနာအချို့ အသက်သေဆုံးမှုများ ရှိလာခဲ့ကြောင်း စစ်တွေမြို့ အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ရပ်တန့်နေခဲ့သော်လည်း စစ်ကောင်စီအနေဖြင့် အင်အားတိုးချဲ့မှုများ ပြုလုပ်ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို ဆက်သွယ်ထားသော လမ်းပိုင်းများ၌ တပ်စွဲဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသော ယာဥ်များကို အချိန်ကြာမြင့်စွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေခြင်းဖြစ်သည်။
လူနာတင်ယာဥ်များပါမချန် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသဖြင့် အချို့သော အရေးပေါ်လူနာများမှာ ဆေးရုံသို့ အချိန်မီရောက်ရှိခြင်းမရှိဘဲ လမ်းခုလတ်၌ သေဆုံးမှုများ ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အခုနောက်ပိုင်းမှာ တော်တော်ဆိုးလာတာ။ စစ်ဆေးရေးဂိတ်တွေ နေရာတိုင်းလိုလိုမှာ ဖွင့်ပြီး ဖွင့်ရတဲ့အကြောင်းကလည်း ဂွင်ဖန်ဖို့အတွက် သီးသန့်လို့ပဲ မြင်တယ်။ ပိုက်ဆံမပေးရင် လူနာတင်ယာဥ်ပါမချန် မွှေနှောက်ပြီး အချိန်ဆွဲစစ်ဆေးတာတွေ လုပ်တော့တာပဲ။ အရေးပေါ်လူနာပါလို့ပါ ပြောလည်းမရဘူး။ တချို့ အရေးပေါ်လူနာတွေဆို သူတို့အချိန်စွဲတာတွေကြောင့် ဆေးရုံမရောက်လိုက်ဘဲ လမ်းမှာတင် သေဆုံးတာတွေဖြစ်လာတယ်” ဟု စစ်တွေမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက MPA သို့ ပြောကြားသည်။
စစ်ကောင်စီမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ၌ အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် သေဆုံးခဲ့သည့် အရေးပေါ်လူနာများမှာ ကိုယ်ဝန်ဆောင်မိခင်များ၊ သွေးထွက်လွန်နေသည့် လူနာများနှင့် ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
“ လုံခြုံရေးပိုင်းအကြောင်းပြပြီး ပြည်သူတွေကို ဒုက္ခပေးဖို့ သပ်သပ်ကို လုပ်နေသလိုပါပဲဗျာ။ ပိုက်ဆံပေးလိုက်ရင်တော့ ရှောရှောရှူရှူပဲ။ သွားတော့ဆိုပြီး ဘာမှတောင်စစ်မနေဘူး။ သူတို့ အဲ့ဒီလိုလုပ်လို့ ဒုက္ခမဖြစ်သင့်ဘဲ ဖြစ်သွားရတဲ့ လူနာတွေ များလာပြီ။ အများဆုံး ဒုက္ခရောက်တာတော့ ကိုယ်ဝန်ဆောင်တွေများတယ်” ဟု စစ်တွေမြို့အခြေစိုက် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၀) ရက်၊ ည (၁၀) နာရီဝန်းကျင်ခန့်က စစ်တွေမြို့အဝင် ကျောက်တန်းစစ်ဆေးရေးဂိတ်မှ ရေမွှာပေါက်သဖြင့် စစ်တွေဆေးရုံသို့ လာရောက်သည့် အသက် (၂၉) နှစ်အရွယ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တင်ဆောင်လာသည့် တုတ်တုတ် (သုံးဘီး) ယာဥ်ကို ဖြတ်သန်းခွင့်မပေးဘဲ အချိန်တစ်နာရီခန့်အကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် ဆေးရုံသို့ အချိန်မီရောက်ရှိခြင်းမရှိဘဲ လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။
“ သေဆုံးသူက ကြွီတဲပိုက်ဆိပ်ကြီးရွာက မအဖြူလုံး (ခ) ခင်ခင်လင်း ဖြစ်ပါတယ်။ ကျောက်တန်းစစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေကို အကျိုးအကြောင်းပြောပြခဲ့ပေမယ့် အထက်ခွင့်ပြုမိန့်မကျလို့ ဖြတ်သန်းခွင့််မပြုနိုင်ဘူးလို့ ပြောပြီး ဒီတုတ်တုတ်လေးတစ်စီးနဲ့ ယာဥ်ပေါ်ပါတဲ့လူတွေကို တစ်နာရီလောက်ကြာအောင် စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ သူတို့အဲ့ဒီလိုတွေလုပ်လို့ ဆေးရုံကို အချိနိမီမရောက်ဘဲ လမ်းမှာတင် သေဆုံးသွားခဲ့ပါတယ်။ ဆေးရုံအရောက် ကလေးကို ကယ်တင်ဖို့ ဆရာဝန်တွေက ခွဲစိတ်တာတွေ ပြုလုပ်ခဲ့ပေမယ့် ကလေးလည်း ရေမွန်းပြီး သေဆုံးခဲ့ပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ရှင်းပြသည်။
ဆေးရုံသို့ အချိန်မီရောက်ရှိလာခြင်းမရှိသဖြင့် သေဆုံးသူများ ရှိနေခဲ့သော်လည်း စစ်ဆေးရေးဂိတ်များ၏ အချိန်ကြာမြင့်စွာ စစ်ဆေးမှုကြောင့် ဟုတ်၊ မဟုတ်ကို မသိရှိရကြောင်း စစ်တွေဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။