ရန်ကုန်မြို့၊ ၃၇ လမ်း အောက်ဘလောက်ရှိ စာအုပ်အဟောင်းဆိုင်အချို့သည် ယခုအခါတွင် စာအုပ်အရင်းအမြစ်များ ရှားပါးပြတ်လပ်လာခြင်း၊ စာအုပ် ဝယ်ယူသူ လျော့နည်းလာခြင်းကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည်ဟု စုံစမ်း သိရှိရသည်။
ကိုဗစ်ကာလအတွင်း အပြင်ထွက်သူ နည်းပါးရာမှတစ်ဆင့် စာအုပ်ဝယ်သူ စတင်လျော့နည်းလာခဲ့ပြီးနောက် အာဏာသိမ်းပြီး ကာလတွင်လည်း စီးပွားရေးကျပ်တည်းလာမှုကြောင့် စာအုပ်ဝယ်ဖတ်သူ တဖြည်းဖြည်း နည်းလာသည်ဟု စာအုပ်အဟောင်းရောင်းချသူများထံမှ သိရသည်။
“ ဒီကာလမှာကျတော့ essential (မရှိမဖြစ် လိုအပ်သည့်အရာ) မဟုတ်တဲ့အတွက် လူတွေက ဒီပေါ်မှာ သုံးတဲ့အပိုင်း နည်းသွားတာပေါ့။ စားဝတ်နေရေး ဦးစားပေးရတာကိုး” ဟု စာအုပ်အဟောင်းတန်းမှ ဆိုင်ရှင်တစ်ဦးက ဆိုသည်။
ထို့အပြင် ဈေးကွက်အတွင်း လူကြိုက်များသော စာအုပ်များကို စာအုပ်ဆိုင်များအချင်းချင်း အပြိုင်အဆိုင် အလုအယက် ဝယ်ယူလာခြင်းမှတစ်ဆင့် အဟောင်းတန်းတွင် အရည်အသွေးကောင်းသည့် စာအုပ်များ ပြတ်လပ်လာပြီး ဝယ်သူ ပါးလာခဲ့သည်ဟုလည်း ဆိုကြသည်။
“ အကြမ်းဖျင်းပြောရရင် အပေါ်လိုင်းနဲ့ အောက်လိုင်းလို့ ခေါ်တာပေါ့။ အပေါ်လိုင်းကျတော့ စာကြီးပေကြီး၊ ဆရာမကြီးတွေရဲ့ လိုင်းတွေပေါ့။ Best-seller ဖြစ်တဲ့ ဟာတွေပေါ့နော်။ ဒါတွေကျတော့ မရတော့ဘူး၊ စာအုပ်အဟောင်းတန်း ရောင်းတဲ့သူတွေက။ (ဝယ်သူ) စိတ်ဝင်စားမှုနည်းသွားတော့ ရောင်းရတာ နည်းသွားတဲ့အပိုင်းလည်းပါတယ်” ဟု စာအုပ်အဟောင်းရောင်းသူတစ်ဦးက ရှင်းပြသည်။
တစ်ဖက်တွင်လည်း အွန်လိုင်းဈေးကွက်စနစ် ထွန်းကားလာခြင်းကြောင့် စာဖတ်သူများကိုယ်တိုင် စာအုပ်ရောင်းချသူများ ဖြစ်လာပြီး ၎င်းတို့ ဖတ်ပြီးသား စာအုပ်များအား အွန်လိုင်းမှတစ်ဆင့် ပြန်လည်ရောင်းချမှုများ ပြုလုပ်လာခြင်းကြောင့် အဟောင်းတန်းတွင် စာအုပ်အဟောင်း ပြန်သွင်းသူ နည်းပါးလာသဖြင့် စာအုပ် ကွင်းဆက်ပြတ်သွားသည့် ပြဿနာလည်း ကြုံနေရသည်ဟု သိရသည်။
ထို့အပြင် ကိုဗစ်ကာလအတွင်းမှစ၍ တချို့သော အဟောင်းတန်းရောင်းချသူတို့မှာ ဆိုရှယ်မီဒီယာကတစ်ဆင့် စာအုပ်ရောင်းချဖြန့်ဝေခြင်းများ ပြုလုပ်လာမှုကြောင့် ရပ်ဝေးရပ်နီးမှ စာဖတ်ဝါသနာရှင်များက အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဝယ်ယူဖတ်ရှုလာကြသည်ဟု သိရသည်။
“ ဒီဘက်ခေတ် ဆိုရှယ်မီဒီယာ အားကောင်းလာတဲ့ အခါကျတော့ စာအုပ်အဟောင်းဂရု (group) တွေ ဖွဲ့လိုက်ပြီး ဈေးတွေ မတန်တဆ တင်ရောင်းတာ။ စာအုပ်အဟောင်းရောင်းတဲ့ သူတွေကလည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ် ရောက်လာပြီးတော့ သူတို့ကိုယ်တိုင် အဲ့ဒီ ဈေးကွက်ထဲကို ဝင်လာတဲ့အတွက် ၃၇ လမ်းကို သွားတယ်ဆိုလည်း လိုင်းပေါ်က ဈေးတွေနဲ့ ဘာမှသိပ်မကွာတော့ဘူး။ လိုင်းပေါ်ကနေ စာအုပ်မှာလိုက်တာနဲ့ သွားတာနဲ့ဆို စာအုပ်အဟောင်းတန်းကို ပတ်ရတဲ့ အရသာက လွဲရင် ကျန်တာဘာမှ မရတော့ဘူး။ ဈေးက မတန်တဆ ဈေးနဲ့ပဲ ဝယ်နေရတာ အဆင်မပြေဘူး” ဟု စာဖတ်ဝါသနာရှင် တစ်ဦးက ဆိုသည်။
ဈေးကွက်အတွင်းရောင်းချနေသော စာအုပ်အဟောင်းများသည် ကာလကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာကြသဖြင့် တဖြည်းဖြည်း ရှားပါးပြတ်လပ်လာပြီးနောက် ဈေးမတန်တဆ ပေးဝယ်နေရသည့် အခြေအနေကလည်း စာအုပ်အဟောင်းဝယ်ဖတ်သူ နည်းသွားစေသည်ဟု စာအုပ်အဟောင်း ဝယ်ဖတ်သူ တစ်ဦးက ပြောသည်။
“ ကော်လက်တာ (collector) ကြီးတွေဆီ ရောက်သွားရင် စျေးကွက်ထဲ ပြန်မထွက်လာသလောက်ပဲ။ ဒါ့အပြင် ကာလကြာမြင့်လို့ ပျက်စီးကုန်တယ်။ ဒါကြောင့်ကြာလေရှားလေဖြစ်လာတယ်။ ရှားလေ စျေးကြီးလေ။ စျေးကြီးလေ မဝယ်နိုင်ကြလေပဲပေါ့” ဟု ၎င်းက ရှင်းပြသည်။
ယခုအခါတွင် စာအုပ်တန်ဖိုးများ မြင့်တက်လာခြင်းကြောင့် ငွေကြေးမတတ်နိုင်သော စာဖတ်ဝါသနာရှင်အချို့မှာ ebook ခေါ် အီလက်ထရောနစ် စာအုပ်များကို ဖတ်ရှုမှု ပိုမိုများပြားလာသည်ဟု သိရသည်။
စာအုပ်အဟောင်းတန်းများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အဘက်ဘက်က လိုအပ်ချက်များစွာ ရှိနေခြင်းကြောင့် စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက အချင်းချင်း ကူညီဖေးမရန် တိုက်တွန်းချက်များရှိနေပြီး အဟောင်းတန်းယဥ်ကျေးမှု ပျောက်ပျက်သွားမည်ကို စိုးရိမ်နေကြသည်ကိုလည်း တွေ့ရသည်။


