ဝက်သားဈေး ကျဆင်းပြီး၊ ဝက်စာဈေး မြင့်တက်လာသည့်အတွက် တွက်ခြေမကိုက်ဘဲ ဝက်မွေးမြူရေးသမားများ၊ အရှုံးပေါ်နေကြောင်း၊ CPဝက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။
“လေးလပိုင်းငါးလပိုင်းလောက်ကတောင် ဝက်ကောင်းလုံးကို ကတ္တားနဲ့ချိန်ပြီး၊ ၁ပိဿာ တစ်သောင်းကျော်ရောင်း ရတယ်။ အခုတစ်ဖြည်းဖြည်းကျလာတာ၊ ခုနေ့ဆို ၇၅၀၀ပဲရှိတော့တယ်။ အစာဈေးက မကျဘူး။ ဝက်သားဈေးကောင်း တဲ့အချိန်တုန်းကတောင် လေးသောင်းကျော်၊ ငါးသောင်းပေးရတယ်။ အခုခြောက်သောင်းခွဲလောက်ထိ ပေးဝယ်နေ ရတော့ မရှူံးဘဲနေမလားဟု” အုတ်ဖို မြို့နယ်မှ CPဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး က ပြောသည်။
ထို့ပြင် ဝက်သားပေါက်မှ ငါးလသားအရွယ်အထိ၊ ဝက်တစ်ကောင်၏ အစာစရိတ်သည် အနည်းဆုံး ၃သိန်းခန့် ကုန်ကျနေသည့်အတွက် ယခုရောင်းချရသည့်စျေးနှုန်းသည် တွက်ခြေမကိုက်ကြောင်း၊ လက်ပံတန်းမြို့ရှိ ဝက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ဝက်တစ်ကောင်ရဲ့ အစာစရိတ်က မပေါ့ဘူး။ နို့ခွဲတစ်ကောင်ကို ၄လ ၅လောက်ထိပဲမွေး၊ ကုန်ကျ စရိတ်က ၃သိန်းအထက်မှာဘဲ၊ ကိုယ့်ဘာသာ သားဖောက်မွေးရင်ခံသာအုံးမယ်။ သားပေါက်ကို ဝယ်မွေးရရင် ၁သိန်းကျော် ပေးရတာ၊အကုန်လုံးဆိုအနည်း ၄သိန်းခွဲလောက် ကုန်မှာ၊ အဲ့ဒီတော့ အခုရောင်းစျေးနဲ့ ဘယ်လိုတွက်ခြေကိုက်မလဲ” ဟု ၎င်းက ဆိုသည်။
ယခင်ကာလများတွင် ဝက်သားပေါက်တစ်ကောင်သည် တစ်သိန်းခွဲအထိပေါက်စျေးရှိခဲ့သော်လည်း၊ လက်ရှိတွင် ဝက်များ၌ ရောဂါပိုးဝင်မှုများရှိလာသည့်အတွက် ဝက်မွေးမည့်သူရှားပါးကာ၊ ဝက်သားပေါက်တစ်ကောင်လျှင် တစ်သိန်းခန့်သာ ပေါက်စျေးရှိတော့ကြောင်း၊ မိုးညိုမြို့နယ်ရှိ ဝက်သားဖောက်ရောင်းချသူ တစ်ဦးက ပြောသည်။
“ဝက်သားပေါက်တစ်ကောင်ကို အရင်က တစ်သိန်းခွဲလောက် ရောင်းရတယ်။ ဝက်ပေါက်တယ်ဆိုတာနဲ့ကို ဝယ်မယ့် သူက စရံပေးထာပြီးနေပြီ၊ အဲ့ဒီတုန်းက ဝက်သားဈေးကလဲ ကောင်းတာကို၊ ဝက်နာတာဘာညာလဲ မဖြစ်သေးဘူးကို၊ အခုက တစ်သိန်းတစ်သောင်းတောင်၊ ဝယ်မယ့်သူ မရှိဘူး၊ အခုဈေးနဲ့ ဝက်နာတဲ့ ရာသီနဲ့ဝက်မွေးတဲ့သူရှားသွားပြီ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ဝက်သားစျေးများကျဆင်းနေရခြင်းသည် ဝက်များ၌ ရောဂါပိုးဝင်နေသည့်အပြင်၊ ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုမရှိသောကြောင့်ဖြစ်ကြောင်း မင်းလှမြို့နယ်ရှိ ဝက်ကုန်သည်တစ်ဦးထံမှ သိရသည်။
“အခုချိန်ကဝက်နာတဲ့ရာသီ၊ ခြင်တွေကိုက်၊ ရောဂါတွေဝင်တဲ့အချိန်ကို၊ စားတဲ့သူတွေကလဲဝက်နာတဲ့ အချိန်ကြ ရှောင်ကြတယ်၊ ပြီးတော့ အစ်ကိုတို့ ရန်ကုန်ဝက်ကားတင်သွားရင်၊ လမ်းမှာ အစစ်ဆေးတွေများတယ်။ နာနေတဲ့ဝက်ပါ လာရင် ဂိတ်မှာချပေးခဲ့ရပြီး ဒဏ်ကြေးပါ ပေးခဲ့ရတယ်။ နောက်တစ်ချက်က မိုးတွင်းပိုင်းဆိုတော့ အသားငါးပေါတယ် လေ၊ အလှူအတန်းမင်္ဂလာဆောင်ကလဲ မရှိတော့ ရောင်းအားနည်းတာပေါ့ ၊ ဝက်တွေကနာနေတော့ ရောင်းချင်တဲ့ သူကလဲ ရရာဈေးနဲ့ရောင်းကြတာ ၊ သေသွားရင်အလကားဖြစ်သွားမှာလေ၊ အဲ့ဒီတော့ ဈေးကောင်းမရဘူး” ဟု ဝက်ကုန်သည်က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစတင်ကာ ကျေးလက်နေပြည်သူများသည် စီးပွားရေးကျပ်တည်းလာကာ၊ စိုက်ပျိုး ရေးလုပ်ငန်းတစ်ခုတည်းဖြင့် အသက်မွေးဝမ်းကြောင်း ပြု၍မရသောကြောင့်၊ ဝက်မွေးမြူရေးလုပ်ငန်းများကိုပါ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာကြောင်း ဝက်မွေးမြူသူများထံမှ သိရသည်။



