ယခုနှစ် မေလမှ ဩဂုတ်လအထိ လေးလတာကာလအတွင်း ပြည်နယ်နှင့်တိုင်း ၄ခု၌ စစ်ရာဇဝတ်မှုအပါအဝင် လူ့အ ခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုပေါင်း ၅၀၀ကျော်ဖြစ်ပွားခဲ့ကြောင်း၊၊ အရပ်ဘက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပဥ္စမ မဏ္ဍိုင်၏ စစ်တမ်းအရ သိရသည်။
“စစ်တမ်းကောက်ယူတဲ့ (၄) လတာကာလအတွင်းမှာ ခရိုင် (၉)ခရိုင်၊ မြို့နယ် (၄၉)မြို့နယ်တို့မှာ ဖြစ်စဉ်ပေါင်း ၅၂၀ကို မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဖြစ်စဉ်ပေါင်း (၅၂၀)မှာ လူပေါင်း (၄၇၃)ဦး သေဆုံးခဲ့ပြီး (၃၁၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၁၃၁၄)ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အများစုက အမျိုးသားတွေ ဖြစ်ပါတယ်”ဟု အရပ်ဘက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ပဉ္စမ မဏ္ဍိုင် တည်ထောင်သူ ကိုယောလေးက ပြောသည်။
ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ၂၀၂၃ခုနှစ် မေလမှ ဩဂုတ်လအတွင်း၊ စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုပေါင်း ၅၂၀ထိ ဖြစ်ပွားခဲ့ပြီး၊ ဖြစ်စဉ်ပေါင်း ၃၀၀ ကျော်သည် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တမ်းတွင် ဖော်ပြထားသည်။
“စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် ၊ပျူစောထီး စတဲ့အဖွဲ့အစည်းတွေက အများအပြား ကျူးလွန်ခဲ့သလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖတွေရဲ့ ကျူလွန်မှုတွေလည်း တွေ့ရှိလာတယ်”ဟု ပဉ္စမ မဏ္ဍိုင်အဖွဲ့၏ နောက်ထပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များ ကျူးလွန်မှုအခြေအနေများသည် (၄)လတာ ကာလအတွင်း စစ်ရာဇဝတ်မှုပေါင်း (၃၆)ကြိမ်၊ လူ့အခွင့်အရေးချိုးဖောက်မှု (၄)ကြိမ်နှင့် ရာဇဝတ်မှုပေါင်း (၃၉)ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်အဖွဲ့၏ စစ်တမ်းအရ သိရသည်။
“စစ်တမ်းကောက်ယူနေတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ နောင်တစ်ချိန်မှာရော၊ အခုချိန်မှာရော ဘယ်လို အရေးယူမလဲဆိုတာ စိစစ်နေတယ်။ ကျတော်တို့က အခြားသော စစ်တမ်းကောက်ယူတဲ့ပုံစံတွေနဲ့ မတူဘဲ ဥပဒေအရ ဘယ်လို အရေးယူမလဲဆိုတာကို အဓိက ထားတယ်။ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ အဓိကအားဖြင့် ရှိသမျှ စစ်တမ်း ကောက်ယူတာတွေ လုပ်တယ်။ MOJ ကတော့ ဥပဒေအရ ဘယ်လို အရေးယူမလဲ လုပ်တယ်။ အခုလို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေ ရနိုင်သမျှ စစ်တမ်း ကောက်ယူမှု လုပ်ပြီးတော့၊ နောင်တစ်ချိန်မှာ ပြန်လည် အရေးယူဖို့ စစ်တမ်းကောက်ယူတာတွေ ရှိပါတယ်”ဟု NUG အစိုးရ၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က ပြောသည်။
ပဉ္စမ မဏ္ဍိုင်အဖွဲ့၏ စစ်တမ်းအရ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုများ၏ အများစုသည် အရပ်သားများအား အဓိကပစ်မှတ်ထားကျူးလွန်ခြင်းကို ပြသထားပြီး၊ စစ်တမ်းတွင် ဖော်ပြထားသော ပြည်နယ်နှင့် တိုင်း ၄ခု၌ (၄)လတာ ကာလအတွင်း၊ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုများအား စစ်ကောင်စီမှ အများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်စဉ်ပေါင်း ၄၀၅ခုထိ ရှိကြောင်း သိရသည်။