စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊သာစည်ကျေးရွာအနီးတိုက်ပွဲတွင် သေဆုံးသွားသည့်စစ်သားကို ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း-၂၇၊တပ်ခွဲ( ၂ )သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
အောက်တိုဘာ ၂၃ ရက်၊ နံနက် ၇ နာရီဝန်းကျင်တွင် အင်အား ၈၀ ကျော်ပါသည့် မုံရွာအခြေစိုက် အမတ-၅၀၈ အမြောက်တပ် စစ်ကြောင်း၏ နောက်ချန် ကင်းပုန်းမှ စစ်သား ၁ ဦးကို ဖမ်းဆီးရန်ပြုလုပ်စဥ် ခုခံပစ်ခတ်သဖြင့် PDFတို့က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“စစ်ကြောင်းကို တိုက်တာမဟုတ်ဘူးဗျ။စစ်ကြောင်းက ရွာထဲဝင်သွားတဲ့အချိန် နောက်မှ ကျန်ခဲ့တဲ့ ကင်းပုန်းကို တိုက်တာပါ။စစ်သား ၃ ယောက်ကို ၂ ယောက်က ပစ်ပြီးထွက်ပြေးတာ။ အဲ့ဒါနဲ့ အရှင်ဖမ်းမလို့ကို ပြန်လည်ခုခံတဲ့အတွက် အသေဖမ်းလိုက်ရတာပါ။အဲ့ဒီ စစ်သားကိုလည်း ကောင်းမွန်စွာ စစ်စည်းကမ်းနဲ့အညီ သင်္ဂြိုလ်ပေးခဲ့လိုက်ပါတယ်”ဟု သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ခွဲမှူး ရဲဘော်ဝင်း ကပြောသည်။
ယင်းသေဆုံးခဲ့သည့် စစ်သား ထံမှ MA 1 တစ်လက်၊ ကျည် ၂၀၀ ကျော်၊ ရိုင်ဖယ်တပ်ဗုံးသီး ၁ လုံး ၊၆၀ (မမ) ဗုံးသီး ၁ လုံး၊ကျည်ဘောက် ၂ ခု၊ ကျည်ကာပြားပါ Equipment တစ်ထည် နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ သိမ်းဆည်းရမိကြောင်း မုံရွာခရိုင်တပ်ရင်း-၂၇၊တပ်ခွဲ( ၂ )သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ကျနော်တို့အနေနဲ့ ဒီအလောင်းကို ပစ်ထားခဲ့လို့ရပါတယ်။ဒါပေမဲ့ ကျနော်တို့အနေနဲ့ ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်။အမိန့်ပြန်တာတို့ဘာတို့တော့ လုပ်ချိန်မရဘူးပေါ့။လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာနဲ့အညီ စစ်သားတစ်ယောက်ရဲ့ဂုဏ်သိက္ခာနဲ့အညီပေါ့။ကျနော်တို့လုပ်ရပ်က လူပီသတဲ့လုပ်ရပ်လို့လည်း မြင်ပါတယ်ခင်ဗျ”ဟု တိုက်တန်ကာကွယ်ရေးတပ် မှ တာဝန်ခံအရာရှိ ရဲဘော် ဇျန်ကြီး ကပြောသည်။
ယင်းစစ်ကြောင်းသည် သာစည်ကျေးရွာ နယ်မြေရဲစခန်းတွင် ညအိပ်တပ်စွဲကြောင်းသိရသည်။
အဆိုပါပစ်ခတ်မှုကို မုံရွာခရိုင်တပ်ရင်း-၂၇၊တပ်ခွဲ( ၂ )သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ ၊တိုက်တန်ကာကွယ်ရေးတပ်နှင့် မိုးဟိန်းကာကွယ်ရေးတပ်တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။