စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်း၊ ရေအောက်ရွာအနီး၊ စစ်ကောင်စီ စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်သား ၁၀ ဦးသေဆုံးခဲ့ကာ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ Union Liberation Front (ULF) ထံမှသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ ကုန်းရွာ၌ ညအိပ်တပ်စွဲခဲ့ပြီးနောက်၊ နောက် အောက်တိုဘာ ၁၉ ရက်၊ မနက် ၈နာရီခန့်တွင် PDFပူးပေါင်းတပ်များ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ULF၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်ကပြောသည်။
“ စစ်ကြောင်းက အင်အား ၁၈၀လောက်ရှိတယ်။ ကျွန်တော်တို့ဘက်က လက်နက်ငယ်တွေ၊ ၄၀ မမ၊၆၀မမတွေနဲ့ ပစ်တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးရော၊ လက်နက်ငယ်ရော အပြန်အလှန်ပါပဲ၊၂နာရီလောက်ကြာတယ်” ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ပွဲတွင် PDF ပူးပေါင်းတပ်မှ ၄၀ မမ ၁၀လုံးခန့်၊ ၆၀ မမ ၈လုံးခန့်နှင့် လက်နက်ငယ်ကျည် ၄၀၀၀ ကျော် အသုံးပြုခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ၊ အယောက် ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ ၁၀ယောက်သေတာကို အတည်ပြုလို့ရတယ်။ ယင်းမာပင်မြို့က ကင်းထောက်ပေးတဲ့ဖရဲသီးလည်းပြောတယ်။ စစ်ကောင်စီ အိုင်ကွန်လိုင်းက ဒီဘက်ကိုလာပူးတယ်။ သူတို့ လူတွေသေတဲ့အကြောင်း ဒဏ်ရာရတာတွေပြော တာတွေကိုသိရတယ်” ဟု ကိုဂျော်ဒန်က ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ ယင်းမာပင်မြို့နယ်သို့ စစ်ကြောင်းထိုးခဲ့သည့်အတွက် ရင်ပေါင်တိုင်၊ ဆင်တဲရွာနှင့် အနီး တစ်၀ိုက်ရှိ ကျေးရွာ ဆယ်ရွာခန့်မှ လူဦးရေ ၁၀၀၀၀ ဝန်းကျင်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ခဲ့ရကြောင်း ၊ချိုမိုင်မိုင်အဖွဲ့မှတူးလေးကပြောသည်။
“ အရင်က စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ရှင်းလင်းသွားရင် ရွာကို ပြန်ဝင်ကြတယ်။ အခုဟာက စစ်ကောင်စီက စစ်ကြောင်းတွေကို ခွဲခွဲထားခဲ့တာ၊ ကျွန်တော်တို့တွေ နယ်မြေရှင်းလေးရေးလုပ်ပြီးမှ ရွာသားတွေက ရွာကို ပြန်ဝင်ရတာဆိုတော့ စစ်ရှောင်ဦးရေက ပိုပိုများလာတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယင်းမာပင်မြို့ အရှေ့ခြင်းရှိ၊ စည်သူသစ်ကွင်းတွင် သစ်ထုတ်လုပ်နေသည့် စစ်ကောင်စီတပ်သည် တပ်ပြန်ဆုတ်ခြင်းမရှိသေးသည့်အတွက် ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရသည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
အထက်ပါစစ်ဆင်ရေးကို Union Liberation Frontနှင့်အတူ မြို့နယ် ပ.က.ဖ၊ Local PDFတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ULF (တပ်ပေါင်းစု)မှ ရဲဘော်တစ်ဦး လက်မောင်းရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။