လက်ရှိအချိန် မိုးနှောင်းကာလသည် ဝါစိုက်ပျိုးမှုများသည့် ဒေသများ၌ ဝါပေါ်ချိန်၊ ဝါကောက်ချိန်ဖြစ်ပြီး၊ ဝါအခြောက် တစ်ပိဿာလျှင် ကျပ်သုံးထောင်ကျော်အထိ ဈေးပေါက်နေသော်လည်း မိုးရွာသွန်းမှုများကြောင့် ဝါအစိုများပြီး စျေးကောင်းရရှိခြင်းမရှိကြောင်း၊ မန္တလေးမြို့ရှိ ဝါစက်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။
မြင်းခြံ၊ ဝမ်းတွင်း၊ တောင်တွင်းကြီး၊ နတ်မောက်၊ အောင်လံ၊ မင်းလှမြို့တို့ရှိ ဝါစိုက်တောင်သူများသည် ယခုလ အောက်တိုဘာလမှစတင်၍ ဝါများကောက်သိမ်းကာ၊ မန္တလေးမြို့ရှိ ဝါစက်လုပ်ငန်းလုပ်ကိုင်သူများထံသို့ လာရောက်ဆက်သွယ်ရောင်းချကြသည်ဟု ဝါစက်ပိုင်ရှင်တစ်ဦးက ဆိုသည်။
” ဝါအစိုလာတော့ မိုးကရွာလှန်းမရ။ ဝါအရည်သွေးလည်းအကောင်းကနေ အညံ့ဖြစ်၊ တောင်သူတွေ ဝါအခင်းထဲက ခြောက်မှကောက်ရင်တော့အရည်သွေးပြည့်မီတော့ သူတို့လဲ စျေးကောင်းရတာပေါ့။ စက်ပိုင်တွေလည်း စျေးအတက် အကျပေါ်မူတည်ပြီး၊ အခြောက်စျေးပေးဝယ်ရတာပေါ့။ လုပ်သားအလှန်းစရိတ်လဲ မကုန်တော့ဘူးလေ။ ဝါအစိုလာ တော့ စျေးကောင်းမပေးနိုင်၊ အခုလိုမိုးရွာ လှန်းမရ၊ အခက်တွေ့တာပေါ့ “ ဟု မန္တလေးမြို့မှ ဝါစက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကျော်က ပြောသည်။
ဝါစက်လုပ်ငန်းအနေဖြင့် ဝါကုန်ကြမ်း (၃) ပိဿာကြိတ်လျှင်၊ ဂွမ်း (၁) ပိဿာနှင့် ဝါစေ့ သုံးပုံနှစ်ပုံခန့် ထွက်ရှိပြီး၊ ဝါစေ့ဆီ ထုတ်လုပ်မှုအနေဖြင့် ဝါစေ့ ပိဿာ(၁၀၀) ကြိတ်လျှင်၊ ဝါစေ့ဆီ (၁၀/၁၂) ပိဿာခန့် ထွက်ရှိကြောင်းလည်း သိရသည်။
” အခုချိန်လုပ်သားရှားတော့ တောင်သူလည်း၊ ဝါတစ်ပိဿာကောက်ခ ၅၀၀ ပေးရတယ်ပြောတယ်။ အခုချိန်က ဝါစလှိုင်ပေါ်တာပဲ။ နိုဝင်ဘာဆို တစ်နိုင်ငံလုံးနေရာအနှံ့ဝါပေါလှိုင်တာပေါ့။ ဝါစျေးကတော့ နယ်အလိုက် အစားစားပေါ့။ ခုဂွမ်းစျေး၊ ဝါစေ့စျေး ကျနေတော့ ခုဝါစျေး အေးသွားတယ်။ ဝါကအစိုအခြောက် ၂ မျိုးရှိတော့ ခုချိန်အခြောက်ဆိုရင် မန္တလေးအရောက် ၃၃၀၀ ၊ ၃၂၀၀၊ ၃၁၀၀ အစားစားပေါ့” ဟု ဦးကျော်က ဆက်ရှင်းပြသည်။
ဝါစိုက်တောင်သူများအနေဖြင့် ဝါသီးနှံကို မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ စိုက်ပျိုးကြကာ ဝါပင်များကို ဝါသီးသီးသည် အထိ ရက်ပေါင်း ၂ဝဝ ခန့်ကြာအောင် ပြုစုပျိုးထောင်ကြရပြီး၊ ဝါတစ်ပင်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ဝါကောက်ရ သည် ဟုဆိုသည်။
ထို့ပြင် ဝါသီးနှံမှ ဝါကုန်ကြမ်းအပြင် ဂွမ်း၊ ဝါစေ့ဆီ၊ ဝါစေ့နှင့် ဝါစေ့ဖက်တို့ ရရှိပြီး၊ ဈေးကွက်အနေဖြင့် မန္တလေးတိုင်းနှင့် နိုင်ငံပိုင်ချည်မျှင် အထည်စက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
“ ဝါးဈေးက တစ်နှစ်နဲ့ တစ်နှစ် မတူဘူး။ အခုဒီနှစ်လဲ စျေးကွက်မတူဘူး။ ကျစျေး၊ တတ်စျေးအမြဲရှိတယ်။ ဝါ အခြောက်ကို နယ်အလိုက်ပေါက်စျေးလည်း မတူပါဘူး။ အခုစျေးက ကျသွားတယ်။ ပြီးခဲ့တဲ့တစ်ပါတ်လောက်က အမြင့်စျေး ဝါအခြောက်စျေးက နယ်အလိုက် ၃,၆၅၀ အထိစျေးပေါက်ခဲ့တယ်။ တစ်ပိဿာစျေးနှုန်းပေါ့ ” ဟု ဦးကျော် က ဆိုသည်။
မြန်မာနိုင်ငံ၌ အများဆုံးစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဝါသုံးမျိုးသည် ဝါကြီး၊ ဝါကလေး၊ ချည်မျှင်ရှည်ဝါတို့ ဖြစ်ကြပြီး၊ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးနေသည့် ဝါဧက ၆၅ဝ,ဝဝဝ ခန့်မှ တစ်နှစ်လျှင် ဂွမ်းပိဿာ ၃၅ သန်းခန့် ထွက်သည့်အနက် ဝါကြီးနှင့် ဝါကလေးဂွမ်းပိဿာ ၁ဝ သန်းခန့်ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချ၍ ချည်မျှင်ရှည်ဝါနှင့် မလှိုင်နံပါတ် ၅ နှင့် ၆ ဂွမ်းပိဿာ ၂၅ သန်းခန့်ကို သမိုင်းချည်မျှင်နှင့် အထည်စက်တွင် အသုံးပြုသည်ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဖော်ပြထားချက်အရ သိရှိရသည်။
” အခုက ဝါကောက်တဲ့လဆိုတော့ နယ်စုံကထွက်ပါတယ်။ ဝါဈေးလည်း ကောင်းကြပါတယ်။ ဝါစေ့ကတော့ သိပ်မသွက်ဘူး။ ဈေးကျနေရင်တော့ ဝယ်ရတာ လွယ်တယ်။ စျေးတက်ရင် ဈေးသာတဲ့ဆီ ရောင်းကြတာ၊ ကိုယ့် အဆက်နဲ့ကိုယ် ဝယ်ကြတာ များပါတယ် ” ဟု မန္တလေးမြို့မှ နှင်းနှင်းအောင်အမည်ရှိ ဝါစက်ပိုင်ရှင်က ပြောပြသည်။
ဝါသီးနှံမှထွက်သည့် ဝါဂွမ်းသည် လူသုံးပစ္စည်း အမြောက်အမြားပြုလုပ်ရန် အသုံးဝင်ပြီး၊ ယင်းမှ အဝတ်အစားနှင့် အိပ်ရာခင်း၊ ခြင်ထောင်စသော အိမ်သုံးအတွက် အထည်အလိပ်အမျိုးမျိုးကို ရက်လုပ်နိုင်သည့်အပြင်၊ တိပ် (ခေါ် ) ကော်ပါသော ကြိုးအမျိုးမျိုး၊ ပတ်တီး၊ စာအုပ်ချုပ်ရန် ပိတ်စ၊ စသည့် ပစ္စည်းအသုံးအဆောင်အမျိုးမျိူး ရရှိနိုင်သည်။