စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် စစ်ကောင်စီတပ်သည် ပျူစောထီး အင်အားကိုသာ အဓိက အသုံးပြုပြီး စစ်ကြောင်းထိုးနေကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း စစ်သားအင်အားနည်းသောကြောင့် စစ်ကြောင်းထိုး သည့်အခါ ပျူစောထီး အင်အားကိုသာ အဓိက ထား အသုံးပြုနေခြင်းဖြစ်ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” စစ်ကြောင်းထိုးလာရင် စစ်သားအင်အားက နည်းနည်းရယ်။ ပျူတွေကသာ များနေတာ။ တိုက်ပွဲဖြစ်လို့သေတယ်ဆိုလည်း ပျူတွေပဲအရင်သေတယ်။ စစ်ရေးမှာမကျွမ်းကျင်တာလည်းပါမယ် ။သူတို့က သင်တန်းပေးပြီး ခဏနဲ့ စစ်ကြောင်းထိုးတဲ့နေရာ လိုက်ရတော့ လက်နက်အသုံးပြုတာ မကျွမ်းကျင်တာပေါ့ ” ဟု ၎င်းက ပြောသည်။
အင်အား၅၀ခန့်ပါသောစစ်ကြောင်းတွင် စစ်သား ၁၅ ဦးခန့်သာပါပြီး ကျန်လူများမှာ ပျူစောထီးများ ဖြစ် ကြောင်း သိရသည်။
အောက်တိုဘာ ၂၁ ရက်၊နံနက် ၉ နာရီခွဲ ခန့်တွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ယောကျေးရွာ အထိုင်ချ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် KBL-UG အဖွဲ့တို့သွားရောက်တိုက်ခိုက်ခဲ့ ရာ ကင်းပုန်းချထားသော ပျူစောထီး ၁၀ ယောက်ခန့် ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရ ပျူစောထီးများစွာ ထွက်ပြေးသွားကြကြောင်း KBL-UG အဖွဲ့ဝင် ရဲဘော်တက်တိုးထံက သိရသည်။
” အထိုင်စခန်းထဲမှာတော့ စစ်သားတွေရှိတယ်။ အခု လက်ရှိအထိုင်စခန်းမှာ အင်အားက၃၀ ကျော်လောက်ရှိမယ်။ သူတို့ ကင်းပုန်းထွက်လာတာက ၂၀ လောက်ရှိတယ်။ ကျနော်တို့က အထိုင်ချထားတဲ့နေရာထိ မရောက်သွားဘဲ ထွက်လာတဲ့ ကင်းပုန်းတွေနဲ့ပဲ တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ စစ်သားက ၁၅ ယောက်၊ အဲလောက်ပဲရှိတယ်။ ကျန်တာက ပျူတွေပဲ” ဟု ၎င်းက ပြောသည်။
သေဆုံး၊ ဒဏ်ရာရပျူစောထီးများမှာ စစ်ရေးအတွေ့အကြုံမရှိသူများဖြစ်ပြီး ဒဏ်ရာရ ပျူစောထီးတို့ ကို ကန့်ဘလူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကန့်ဘလူ ပျူစောထီးအဖွဲ့ဝင်များထဲတွင် စားဝတ်နေရေးနှင့်အကြောက်တရားကြောင့် စိတ်မပါဘဲ ပျူစောထီး လုပ်နေသူ များစွာရှိကြောင်းလည်း သိရသည်။
” စိတ်မပါဘဲလုပ်နေရတဲ့သူတွေက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ မလွန်ဆန်နိုင်ဘဲ လုပ်ရတာတွေပဲ ” ဟု Infinity Group တာဝန်ရှိသူက ပြောသည်။
ကန့်ဘလူမြို့နယ်၊ဌက်ပျောတိုင်းရွာသစ်အနီး အောက်တိုဘာ၉ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲ တွင်လည်း ပျူစောထီး အယောက် ၅၀ ခန့် သေဆုံးခဲ့ကြောင်း သေဆုံးသွားသည့် ပျူစောထီးများမှာ စစ်တပ်နှင့် ပျူစောထီးခေါင်းဆောင်တို့က အတင်းအကျပ် ဖိအားပေး စေခိုင်းသဖြင့် စိတ်မပါဘဲ ပျူစောထီးလုပ်နေကြသူများဖြစ်ကြောင်း Infinity Group ကထုတ်ပြန်ထားသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်သားနှင့် ပျူစောထီးအရေအတွက်ကို အတည်မပြုနိုင်သေးသလို အောက်တိုဘာ၂၁ ရက်တိုက်ပွဲ ၌ ပျူစောထီးများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီး ခြား အတည်မပြုနိုင်ပေ။