ရန်ကုန်မြို့ရှိ လူသွားလာမှုနည်းပါးသည့် ဘုရားအချို့၌ အများပြည်သူ လှူဒါန်းထားသည့်၊ ဘုရားဝေယျာဝစ္စပစ္စည်းများ၊ ခိုးယူခံရမှုများရှိလာကြောင်း၊ တာဝန်ရှိသူများထံမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ ဆူးလေဘုရား၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရားနှင့် ဘုရားအချို့တွင် ကြေးဖြင့်ပြုလုပ်ထားသည့် အမွှေးတိုင်ထွန်းသည့်ခွက်များ၊ ဆီမီးပူဇော်သည့်တိုင်များအပါအဝင် အသုံးအဆောင် ပစ္စည်းများ ဆက်တိုက်ခိုးယူခံလာရခြင်းဖြစ်သည်။
“ အများအားဖြင့် ကြေးနဲ့လုပ်ထားတဲ့ပစ္စည်းတွေလို ပြန်ရောင်းလို့ရတဲ့ ပစ္စည်းမှန်သမျှ နေ့စဥ်ခိုးခံနေရတာ။ ဒီနေ့ဝယ် ထည့်၊ မနက်ဖြန်ပြန်ပျောက်ဘဲ၊ ခိုးတဲ့လူတွေကို စောင့်ဖမ်းလည်း မိတယ်ကို မရှိဘူး။ ဦးလေးတို့လည်း အချိန်ပြည့် မစောင့်ကြည့်နိုင်တော့ လစ်တာနဲ့ပျောက်တာပဲ” ဟု ငါးထပ်ကြီးဘုရားရှိ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ယခုကဲ့သို့ ဘုရားရှိ အသုံးအဆောင်ပစ္စည်းများ၊ နေ့စဉ် ပျောက်ဆုံးမှုများရှိသကဲ့သို့၊ အဆိုပါဘုရားများသို့ လာရောက် ကာ၊ တရားအားထုတ်သူများနှင့် ရဟန်း၊ သံဃာများ၏ ဖိနပ်များ၊ ထီးများနှင့် အသုံးအဆောင်ပစ္စည်းထည့်သည့် အိတ်များလည်း၊ မကြာခဏ ခိုးယူခံရကြောင်း၊ ကိုးထပ်ကြီးဘုရားတွင် လာရောက်တရားအားထုတ်လေ့ရှိသည့် သံဃာတော်တစ်ပါးထံမှ သိရသည်။
“ ဦးဇင်းဆို ဘုရားရှိခိုး တရားအားထုတ်နေတုန်း ပါလာတဲ့၊ ပစ္စည်းလေးတွေ ခိုးခံရတာမနည်းတော့ဘူး။ အခုလည်း ဖိနပ်လေး ခဏချွတ်ပြီး၊ အောင်မြေမှာ ဘုရားဝင်ရှိခိုးပါတယ်။ ပြန်ထွက်လာတော့ ချွတ်ထားတဲ့ သားရေဖိနပ် မရှိတော့ ဘူး။ မကြာခဏ ခိုးခံရပေမယ့် တန်ဖိုးကြီးပစ္စည်း မပါတော့ တော်သေးတယ် ပြောရမယ်။ ဘုရားသွားတာပဲ ဆိုပြီး တန်ဖိုးကြီးပစ္စည်းတွေ မယူလာသင့်တော့ဘူး” ဟု ကိုးထပ်ကြီးဘုရားတွင် လာရောက်တရားအားထုတ်လေ့ရှိသည့် သုဝဏ္ဏမြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ခုမှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ထိုကဲ့သို့ ဘုရားများရှိ အသုံးအဆောင်ပစ္စည်းများ ပျောက်ဆုံးမှုအပါအဝင်၊ ဘုရားဖူးမိဘပြည်သူများ၏ အသုံး အဆောင်ပစ္စည်းများ၊ ခိုးယူခံရသဖြင့် ပျောက်ဆုံးမှုများအတွက် သက်ဆိုင်ရာ မြိုနယ်ရဲစခန်းများသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း၊ လက်ရှိအချိန်အထိ လုံခြုံရေးယူပေးခြင်းနှင့် အရေးယူဆောင်ရွက်ပေးခြင်းများ တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်းမရှိကြောင်း စုံစမ်းသိရသည်။
“ တစ်ချို့ဟာတွေ ပျောက်တာလောက်ကို တိုင်မနေတော့ပေမယ့်၊ တန်ဖိုးကြီးတာမျိုး ပျောက်ရင်တော့ ရဲစခန်းဖုန်းဆက် အကြောင်းကြားလိုက်တာပဲ။ အဲ့ဒီလိုတိုင်တိုင်းလည်း အရေးယူဆောင်ရွက်ပေးပါ့မယ်သာပြောတာ၊ ဘယ်လိုအရေး ယူလဲဆိုတာတော့ မသိရဘူး။ ပစ္စည်းတွေကတော့ ပျောက်ဆဲပါပဲ။ နဂိုထဲက လူအသွားအလာနည်းတဲ့ ဘုရားတွေ ဖြစ်တော့ အခုလို ပစ္စည်းခိုးခံရတာတွေရှိလာတော့ လူကပိုတောင် မလာကြတော့ဘူး” ဟု ကိုးထပ်ကြီးဘုရားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးသည့်နောက် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ခိုးမှု၊ လုယက်မှုနှင့် ဓားပြတိုက် လူသတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။