ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှ လူငယ် ၇ဦးကို ၊ Black Dragon Force Pyapon PDF အဖွဲ့ဝင်ဟု စွပ်စွဲကာ၊ စစ်ကောင်စီ က ဖမ်းဆီးခဲ့ပြီး၊ အောက်တိုဘာ ၂၁ရက်၌ ဖျာပုံခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
သေဒဏ်ချမှတ်ခံရသည့် လူငယ် ၇ဦးမှာ ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ မောင်ကိုကိုအောင်၊ ကိုအောင်မိုးမြင့်၊ ကိုဝဏ္ဏထွန်းတို့ဖြစ်ပြီး ပုဒ်မ ၃၀၂ (၁) (ခ) ၁၀၉အပါအဝင် ပုဒ်မများစွာဖြင့်ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ယခုကဲ့သို့ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုင်းပြည်၏ အနာဂတ်ဖြစ်သော လူငယ်များကို ယခုကဲ့သို့ ဥပဒေမဲ့ သေဒဏ်ပေးနေခြင်းမှာ စစ်ကောင်စီအနေဖြင့် ကြောက်ဒူးတုန်နေ၍သာဖြစ်သည် ဟု ဧရာဝတီလူငယ်များသမဂ္ဂ သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်လေးက MPA သို့ပြောသည်။
“ ဒီစစ်အာဏာရှင်တွေ သေဒဏ်ပေးလိုက်တဲ့ လူငယ် ၇ ဦးက မတရားဖမ်းဆီးခံရပြီး၊ စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်ခံလိုက်ရတယ်။ ဒီ လူငယ် ၇ ဦးဟာ ပြည်သူတွေအတွက် စံပြုအားထားလောက်ရသူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်ဓာတ်ကို အလေးမြတ်ပြုရင်း ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာ ရှင်စနစ်ကို အမြစ်ပါမကျန် ချေမှုန်းပြီး၊ ဒီကနေ့ သေဒဏ်ပေးခဲ့တဲ့ စစ်အာဏာရှင်များနဲ့ ၎င်းတို့ရဲ့ ဗျုရိုကရက် အမှုထမ်းတွေကို ပြည်သူ့ခုံရုံးတင်ပြီး စီရင်တုံ့ပြန်ဖို့ ကျတော်တို့ဆက်လက်ကြိုးစားနေပါဦးမယ်” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ အမိန့်ချမှတ်သော ဖျာပုံခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး၊ ဒေါ်သူဇာအေးအပါအဝင် ယင်းတရားရုံးမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို အမည်ပျက်စာရင်းသွင်းပြီး၊ သေဒဏ်ချမှတ်မှုအပေါ် ရှုံ့ချကြောင်း ဧရာဝတီလူငယ်များသမဂ္ဂကထုတ်ပြန်ထားသည်။
ထို့ပြင် ယင်းသေဒဏ်ချမှုတွင် ပူးပေါင်းပါဝင်ခဲ့သူများ ၊ တိုက်တွန်းခဲ့သူများသည် တစ်ချိန်ချိန်တွင် သူတို့၏ မတရား အမိန့်ချမှုများအတွက် ပြန်လည်ပေးဆပ်ရမည်ဟု ဧရာ၀တီတိုင်းမှ တက်ကြွလှုပ်ရှားသူ မဆုက ပြောသည်။
” နိုင်ငံရေးအကျဉ်းသားတွေကို ဒီလိုအတွင်းမှာ ဖိနှိပ်တဲ့တစ်ခြားဖြစ်စဉ်တွေ၊ ဒီလိုသေဒဏ်ပေးတယ်ဆိုတာ တကယ့် ဒီမိုကရေစီနိုင်ငံတွေမှာတောင်မရှိဘူး။ အမတို့က ဒီလိုမျိုးဖြစ်ရပ်ကိုလက်မခံဘူး။ အခုသေဒဏ်ချမှု့မှာ ပူးပေါင်းပါ ဝင်ခဲ့တဲ့ ဘယ်သူမဆို၊ တိုက်တွန်းခဲ့တဲ့သူတွေ တစ်ချိန်မှာ ပြန်လည်ပေးဆပ်ရမယ်” ဟု ၎င်းကပြောသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ကြိုးမိန့်ကို တရားဝင်ပေါ်ပေါ်ထင်ထင်အသုံးပြုလာခြင်းသည် အကြိမ်ရေ မနည်းတော့ကြောင်း၊ စစ်ကောင်စီ၏ ပြည်တွင်းတည်ငြိမ်ရေးပေါ်လစီတွင် အကြမ်းဖက်နည်းသည် သူတို့၏ အဓိကနည်းဗျူဟာ ဖြစ်ပြီး၊ ၎င်းနည်းကို ချိန်ကိုက်လုပ်ဆောင်ရခြင်းကို သဘောတွေ့ကြဟန်ရှိကြောင်းနှင့် ပြည်သူများအား ခြောက်လှန့်ရန်နှင့် နိုင်ငံရေးအရ အကဲစမ်းသည့်နေရာတွင် အသုံးပြုခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည် ။
” အားလုံးရဲ့ အတွေးထဲမှာ တရားဝင်ကြိုးမိန့်ပေးတာ၊ သေဒဏ် ဖော်ဆောင်တာတွေကိုတော့ မလုပ်လောက်ပါဘူးလို့ပဲ ယူဆခဲ့ကြပေမယ့်၊ နစက(စစ်ကောင်စီ)ဟာ တရားဝင်ပေါ်ပေါ်ထင်ထင် လုပ်ပြနေတယ်။ နိုင်ငံရေးအရ ဒီလိုအကဲစမ်း လိုက်တာမှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက ဘာမှထိထိရောက်ရောက်အရေးယူတုံ့ပြန်မှုမျိုးရှိမလာဘဲ၊ မင်းအောင်လှိုင် ဦးဆောင်တဲ့ နစကကိုသာ ဒီလိုထပ်မလုပ်တော့ဖို့ ချော့ပြီးတော့ ပေါင်းလာကြတာကို တွေ့ရပါတယ်။ ဒါဟာ နစကရဲ့ အကဲစမ်းမှု အောင်မြင်သွားတာပါ ” ဟု ၎င်းကပြောသည် ။
စစ်ကောင်စီအနေဖြင့် ၎င်းတို့၏နိုင်ငံရေးရည်မှန်းချက်ကို ရရှိအောင် ဆက်လက်အကောင်အထည်ဖော်နေမည်ဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း၊ ၎င်းတို့လိုချင်သောနိုင်ငံရေးရည်မှန်းချက်တွေရရှိသည့်အထိ ဆက်လက်လုပ် ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောသည် ။
” ဒီလို လုပ်ဆောင်တဲ့အခါ ရန်သူစစ်အုပ်စုရဲ့ ဒီလို ရက်စက်ဖိနှိပ်မှုကိုတော့ ကြုံကြရမှာ သိသာပါတယ်။ အခုချလိုက်တဲ့ ကြိုးမိန့်လိုမျိုးပေါ့။ ကျနော်တို့လုပ်ကြရမှာက တရားမျှတမှုကို ပြန်လည်ရှာဖွေကြဖို့ပါပဲ။ တရားမျှတမှုကို နိုင်ငံတကာ ဆီက တောင်းခံနေရမှာ ၊ ရှာဖွေရမှာ မဟုတ်ဘဲ အခုလို ကျတော်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ရက်စက်ခြေမှုန်း နေတဲ့ ရန်သူစစ်အုပ်စုကို တော်လှန်ချေမှုန်းခြင်းအားဖြင့်သာ တရားမျှတမှုကို ရရှိမှာပါ” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးကပြောသည်။
ထိုကဲ့သို့ ဖျာပုံမှ လူငယ်၇ ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်း နှင့် ပတ်သက်ပြီး ၊ ဧရာ၀တီလူငယ်များသမဂ္ဂ၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂနှင့် Youths for Our People တို့ပူးပေါင်းကာ ရန်ကုန်နှင့် ဧရာ၀တီတို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။
ယခုကဲ့သို့ သေဒဏ်ချမှတ်ခံခဲ့ရသော လူငယ် ၇ ဦးအပြင် ၎င်းတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသော အမျိုးသမီး ၁ ဦးအပါအဝင်၊ အခြားလူငယ် ၈ ဦးကိုလည်း ယင်းတရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။