စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူ၇ဦးမှာ စစ်ကောင်စီတပ်၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သော်လည်း စနစ်တကျ ဆေးကုသနိုင်ခြင်း မရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ်၊ ပုဏ္ဏားကြီးကျေးရွာမှ ပြည်သူ ၈ ဦးကို အောက်တိုဘာ၂၁ ရက် နံနက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးသွားပြီး ၁ ဦးမှာ အသတ်ခံရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
ချပ်သင်းတိုက်နယ်တွင် တပ်စွဲထားသော ခမရ-၃၆၁ က ၎င်းတို့ ၈ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး သေဆုံးသွားသည့် ကိုကျော်အေး(၃၅နှစ်)၏ ရုပ်အလောင်းအား မိသားစုထံ ပြန်မပေး ကြောင်း သိရသည်။
“ လွှတ်လာတဲ့ ၇ ယောက်ကတော့ဒဏ်ရာဗလပွနဲ့ ပြန်လွတ်လာတယ်။ ခန္ဓာကိုယ် ကျောပိုင်းကိုကြိုးနဲ့ တုပ်ပြီးရိုက်ထားတယ်။ နောက်တစ်ယောက်ကတော့ ဦးခေါင်းကို တော်တော်ထိထားတယ်။ ဆေးကုသဖို့ကတော့ ကျနော်တို့ဘက်မှာဆရာဝန်ရှားပါးတော့ နည်းနည်း တတ်တဲ့သိတဲ့သူလောက်နဲ့ ကုပေးရမှာပါ။ တစ်ယောက်ကတော့ နည်းနည်းကြောင်နေသလိုဖြစ်နေပြီ” ဟု ၎င်းကပြောသည်။
အောက်တိုဘာ ၂၂ရက် နံနက်ပိုင်းတွင် ၎င်းတို့ ပြန်လွတ်လာခြင်းဖြစ်ပြီး ချပ်သင်းတိုက်နယ် အတွင်း စစ်တပ် ရှိနေသောကြောင့် ဒဏ်ရာရသူများကို ဆရာဝန်ရှိရာနေရာသို့ ခေါ်ဆောင်ကုသရန် မဖြစ်နိုင် ကြောင်း သိရသည်။
“ ပုဏ္ဏားကြီးကျေးရွာကိုဝင်လာ တော့ အရင်ကပုဏ္ဏားကြီးရွာက ပျူတွေပါပါလာတယ်။ သူတို့ရွာနဲ့ သူတို့လမ်းဆိုတော့ သူတို့အကုန်သိတာ။ အဲ့မှာ ရွာထဲက ပြည်သူ ၈ ယောက်ကို ဖမ်းသွားတယ်။ တစ်ဦးကတော့သူတို့လက်လွန်တယ်ပြောတာပေါ့။ သတ်ပစ်လိုက်တယ်” ဟု ချပ်သင်းတိုက်နယ်နေ ကိုဇေယျာတိုင်းကပြောသည်။
ဖမ်းဆီးနှိပ်စက်ခံရသူများမှာ ဦးမြင့်သောင်း၊ ဦးစိန်းလင်း၊ ဦးမြင့်လွင်၊ ဦးဌေးအောင်၊ ဦးငွေစိုး၊ ကိုကျော်အေးနှင့် မောင်ကျော်ခန့်နိုင် တို့ဖြစ်ပြီး မည်သို့သော အကြောင်းကြောင့် ဖမ်းဆီးနှိပ်စက် သလဲဆိုသည်ကို မသိရသေးပေ။