ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်းရှိ ဧကနှစ်ရာ ကျွန်းစိုက်ခင်းအနီးတွင် ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း အနီးရှိ ဧကနှစ်ရာကျွန်းစိုက်ခင်း ၌ အလေ့ကျပေါက်ရောက်နေသည့် ရာသီပေါ်သီးနှံများ ခူးရန်ရောက်ရှိနေသည့် ပြည်သူ ၆ ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။
“မနေ့က စစ်ခွေး ၂၀လောက်က ဧက နှစ်ရာစိုက်ခင်းနားမှာ ပြည်သူ ၆ ဦးဖမ်းသွားတာကို သိရတဲ့အတွက် သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၅ က လိုက်လံတိုက်ခိုက်တာ။ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို မထိအောင် ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီမှာ စစ်သား ၁ ဦးထိခိုက်သွားတယ်။သူတို့လူကိုတော့ သူတို့ ရအောင်သယ်ထုတ်သွားတယ်”ဟု Bago Region PDF ၊သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဝေယံ ကပြောသည်။
ဖမ်းဆီးခံရသူ၆ဦးစလုံးမှာ အမျိုးသားများဖြစ်ပြီး မည်သည့်ရွာတွင် နေထိုင်သလဲဆိုသည်ကို မသိသေး ပေ။
“မြို့ချောင်း-စိန်ကန့်လန်ကနေ ပတ်ကွေ့ကြီးအဆင်းက ဧက နှစ်ရာကျွန်းစိုက်ခင်းနားမှာ ပြည်သူ ၆ ဦးကို ရာသီပေါ် မှိုတို့ မျှစ်တို့ လာချိုးတဲ့သူတွေနေမယ်။ဗဒတ် လာထောင်တာလည်း ဖြစ်နိုင်တယ်။အဲ့ဒါကို စစ်တပ်က ဖမ်းသွားတာ။သူတို့ အရင်ဆုံး ဘန့်ဘွေးကုန်း စခန်းကနေ တစ်ဆင့် ခလရ ၁ ကို ပြန်မှာ”ဟု သာယာဝတီခရိုင်တပ်ရင်း-၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ယင်းပြည်သူ၆ဦးကို မင်းလှမြို့အခြေစိုက် ခလရ-၁ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့(အောက်တိုဘာ၂၃ရက်)အထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။