ကိုဗစ်-၁၉ကပ်ရောဂါနှင့် စစ်ကောင်စီအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကြာ ထောင်ဝင်စာဧည့်တွေ့ခွင့်ပိတ်ထား မှုအား၊ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား၊ မိသားစုများထံမှ စုံစမ်း သိရှိရသည်။
လာမည့် အောက်တိုဘာ ၂၄ ရက်နေ့မှစ၍ ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုတော့မည်ဖြစ်ပြီး၊ ယူဆောင်လာရမည့် အထောက်အထားများ ပြည့်စုံမှသာ အကျဉ်းသားများနှင့် ဧည့်တွေ့ခွင့်ရမည်ဟု အကြောင်းကြားကြောင်း၊ အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိခင်ဖြစ်သူက MPA သို့ ပြောသည် ။
” ဧည့်တွေ့ခွင့်က နှစ်ပတ်တစ်ခါ တွေ့ခွင့်ရမယ်လို့ ပြောတယ် ။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးထား တဲ့စာ ရွက်တွေ ၊ မှတ်ပုံတင်မူရင်းရယ် ၊ အိမ်ထောင်စုဇယားက မူရင်းရော ၊ မိတ္တူရော၊ နောက်ပြီးတော့ ရပ်ကွက် ထောက်ခံစာရယ်၊ ရဲစခန်းက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတွေရယ်လိုတယ် ” ဟု ၎င်းကပြောသည်။
ဧည့်တွေ့ခွင့်ကြောင့် အကျဉ်းသားများ၏ အခက်အခဲတစ်ချို့ ပြေလည်နိုင်မည်ဖြစ်သော်လည်း၊ ရဲစခန်းတွင် ပြစ်မှုကင်းရှင်းကြောင်း၊ ထောက်ခံစာယူရမည်ဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုအပေါ် ရိုက်ခတ်မှု့များရှိနိုင်ကြောင်း၊ ပြည်မြို့နေ နိုင်ကျဉ်းဟောင်းတစ်ဦးက သုံးသပ်သည် ။
“ ဧည့်တွေ့ခွင့်ပြုတာတော့ ကောင်းတဲ့ကိစ္စပေါ့။ အထဲမှာကစိတ်ပိုင်းဆိုင်ရာ ယိုယွင်းနေတဲ့လူတွေများတယ်။ အခု နောက်ပိုင်း စာအဆက်အသွယ်တွေ ပိတ်ထားတော့ ဧည့်တွေ့တဲ့အချိန် လိုအပ်တာတွေ မှာလို့ရမယ် ။ အဆက်အသွယ် ပြတ်နေတဲ့လူတွေ အဆက်အသွယ် ပြန်ရမယ်ပေါ့။ ဒါပေမဲ့ နိုင်ကျဥ်းမိသားစုတွေအတွက်ကြ နယ်မြေရဲစခန်း အပေါ် မူတည်တယ်။ နယ်မြေရဲစခန်းရဲ့ ထောက်ခံစာတွေမှာ ပိုက်ဆံပေးရတာတွေ ရှိလာနိုင်တယ်။ ဘယ်သူ့ဘယ်ဝါရဲ့ မိသားစု ဆိုတာလည်း ရဲစခန်းမှာ မှတ်တမ်းရှိနေတဲ့အခါကြတော့ လုံခြုံရေးအရလည်း စိတ်ပူရတယ်” ဟု ၎င်းက ပြောသည် ။
မြန်မာနိုင်ငံ၊ အကျဉ်းထောင်ဥပဒေအရ တစ်ပတ်လျှင်တစ်ကြိမ်၊ ဧည့်တွေ့ခွင့်ပေးရမည်ဖြစ်သော်လည်း စစ်တပ်မှ အာဏာသိမ်းပြီးကာလ အကျဉ်းထောင်များတွင် ဧည့်တွေ့ခွင့်သာမက၊ အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပိုမိုများပြားလာနေခြင်းဖြစ်သည် ။
ထို့ပြင် စစ်ကောင်စီသည် တစ်ဖက်တွင် တော်လှန်ရေးအဖွဲ့များကို ချေမှုန်းနေပြီး၊ တစ်ဖက်တွင် နိုင်ငံတော်ယန္တရားများ ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားနေကြောင်း၊ ယင်းကဲ့သို့ ကြိုးစားသည့်နေရာတွင် ယခု ခွင့်ပြုလိုက်သည့် ထောင်ဝင် စာပုံမှန်ပြန်တွေ့ပေးရေးအစီအစဥ်လည်းပါဝင်နေသဖြင့်၊ ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး ကိုသာမက၊ နိုင်ငံတကာထောက်ခံချက်ရရှိပေးကိုပါ အထမြောက်သွားနိုင်သည့် အချက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည် ။
“ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေအထဲမှာ လူ့အခွင့်အရေးကာကွယ်ရေးက အဓိကကျသလိုပဲ၊ထောင်ဝင်စာ ပြန်တွေ့ပေးရေးမှာ လူ့အခွင့်အရေးကော်မရှင်တို့ ၊ နိုင်ငံတကာကြက်ခြေနီတို့အနေနဲ့ အဓိက ပစ်မှတ်ထားပြီးတော့ ဆောင်ရွက်လိုကြတဲ့အပိုင်းဖြစ်နေတာပါ။ ဒါကို နစက ကလည်း သိတယ်။ အခုလိုလည်း ခွင့်ပြုပေးလိုက်ပြီဆိုတော့ နိုင်ငံတကာထောက်ခံမှုကို အမြန်ဆုံးရရှိနိုင်ရေးလုပ်မယ်။ ပြီးရင် ပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းရေး လုပ်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်” ဟု ၎င်းကပြောသည် ။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပြီးနောက်ပိုင်း၊ နိုင်ငံအဝှမ်းတွင် ဥပဒေမဲ့ ဖမ်းဆီးထောင်ချခံရသူ အများအပြား ရှိလာပြီး၊ ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၀ရက်နေ့ စာရင်းများအရ ၁၉၆၀၃ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ ၇၈၀၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားသည်။