ရွှေလင်ဗန်းစက်မှုဇုန်ရှိ SEN YU CLOTHlNG MYANMAR CO, LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း၊ လုပ်ခလစာလျှော့ချခံရသောကြောင့်၊ အလုပ်သမား ၁၀၀၀ ကျော်သည် သပိတ်မှောက်တောင်း ဆိုခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင်၊ အလုပ်ရှင်ဘက်မှ တောင်းဆိုချက်အားလုံး လိုက်လျောခဲ့သဖြင့် သပိတ်အောင် မြင်ခဲ့ကြောင်း၊ MPA က စုံစမ်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း၊ အမှတ် (၄၃) ရှိ SEN YU CLOTHlNG MYANMAR CO, LTD အထည်ချုပ်စက်ရုံ၌ စက်ရုံမန်နေဂျာနှင့် တာဝန်ရှိသူများက အလုပ်သမားအားလုံး၏ ကျွမ်းကျင်ကြေးဟု သတ်မှတ်ပေးထားသော (ဂရိတ်ကြေး)ကို မပေးတော့ဘဲ၊ အထည်အရေ အတွက်အလိုက် (တစ်ကဒ်ကြေး)ဖြင့်ပြောင်းလဲပေးမည်ဟု အလုပ်သမားများအား ကြေညာခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါ အထည်ချုပ် စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော်က အချက် ၁၀ ချက်ကို တောင်းဆိုခဲ့ပြီး၊ တောင်းဆိုချက်များ မရမခြင်း၊ အလုပ်ပြန်မလုပ်ဟုဆိုကာ စက်ရုံတွင်း သပိတ်တိုက်ပွဲအား စတင်ခဲ့ခြင်းဖြစ်သည်။
” အားလုံး အချက် ၁၀ ချက်ကို တောင်းဆိုတယ်။ စက်ရုံတွင်းသပိတ်ဆင်နွှဲတယ်။ တောင်းဆိုချက် မရမခြင်း အလုပ် မလုပ်ဘူးဆိုပြီး။ အပြင်တော့ မထွက်ဘူး စက်ရုံတွင်းသပိတ်ပဲ” ဟု SEN YU CLOTHlNG MYANMAR CO, LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦးက ပြောသည်။
တောင်းဆိုချက် ၁၀ ချက်တွင် ယခင်သတ်မှတ်ထားသည့် ဂရိတ်ကြေးအား A B C အဆင့်လိုက် ကျပ်တစ်သောင်းစီ တိုးမြှင့်ပေးရန်၊ ရက်မှန်ကြေး တစ်သောင်းတိုးပေးရန်၊ OT ခေါ်ရာတွင် အလုပ်သမားများ ဆန္ဒရှိမှ ခေါ်ရန်၊ စသည့် အချက်များ ပါဝင်သည်ကို တွေ့ရသည်။
အဆိုပါ တောင်းဆိုချက်များအပြင် ထပ်တိုးတောင်းဆိုချက် ဖြစ်သည့် စက်ရုံမှ HR မန်နေဂျာအား၊ အလုပ်ထုတ်ပယ် ရန်ဟူသည့် အချက် စုစုပေါင်း ၁၁ ချက်အား အလုပ်ရှင်ဘက်က အောက်တိုဘာ ၂၀ရက်တွင် လိုက်လျောပေးခဲ့ ကြောင်း သိရသည်။
“ ၂၀ ရက်နေ့မှာ မူလတောင်းဆိုချက် ၁၀ ချက်အပြင် နောက်တိုး တောင်းဆိုချက်ဖြစ်တဲ့၊ HR မန်နေဂျာကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုတာကိုလည်း အလုပ်ရှင်ဘက်က လိုက်လျောပေးခဲ့တယ်။ မနေ့ကစပြီး စာချုပ်ချုပ်ပြီး အလုပ်ပြန်ဆင်းနေကြပါပြီ” ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)မှ ခေါင်းဆောင်တစ်ဦးက MPA သို့ပြောသည်။
လတ်တလောတွင် တောင်းဆိုချက်များ အားလုံးရရှိခဲ့သဖြင့် SEN YU CLOTHlNG MYANMAR CO, LTD အထည်ချုပ်စက်ရုံ အလုပ်သမားများ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နေပြီ ဖြစ်သော်လည်း၊ တောင်းဆိုချက် ထဲတွင်ပါဝင်သည့် သပိတ်မှောက်အလုပ်သမားများအား အငြိုးအတေးမထားရန်ဟူသည့် အချက်အား အလုပ်ရှင်ဘက်က လိုက်နာခြင်း ရှိမရှိကို ဆက်လက်စောင့်ကြည့်နေကြကြောင်း၊ အလုပ်သမားများထံမှ သိရသည်။
SEN YU CLOTHlNG MYANMAR CO, LTD အထည်ချုပ်စက်ရုံ သပိတ်သည် အောက်တိုဘာ ၁၇ ရက်တွင် စတင်ခဲ့ပြီး သုံးရက်အကြာ အောက်တိုဘာ ၂၀ရက်တွင် သပိတ်အောင်မြင်ခဲ့ခြင်းဖြစ်ကာ စက်ရုံရှိ အလုပ်လုပ်နေသည့် တစ်ထောင်ကျော်ရှိသော အလုပ်သမားအားလုံး သပိတ်တိုက်ပွဲ၌ ပါဝင်ခဲ့ကြောင်း သိရသည်။


