ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ခေါ်နူးစုမ်အမျိုးသားဥယျာဥ်အပါအဝင် အခြားသစ်တောများအတွင်း သစ်ခွပန်းအမျိုးမျိုးနှင့် သစ်တောထွက်ပစ္စည်း ရှာဖွေခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများမပြုလုပ်ရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ၂၁ ရက်တွင် တားမြစ်ကြောင်းသတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ်တွင် သစ်ခွပန်းအမျိုးမျိုးနှင့် သစ်တောထွက်ပစ္စည်းများကို သဘာဝကပေးသည့် အဖိုးတန်အမွေအနှစ်များအဖြစ် နှစ်စဥ်ထိန်းသိမ်းခဲ့သော်လည်း ယခုနောက်ပိုင်း စည်းကမ်းမဲ့စွာ သစ်ပင်ခုတ်လှဲခြင်း၊ နယ်မြေကျူးကျော်၍ သစ်တောထွက်ပစ္စည်းများ ရှာဖွေစုဆောင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကို တွေ့လာရသည့်အတွက် ယခုလိုတားမြစ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျတော်တို့မြို့နယ်မှာ အာဆီယံအမွေအနှစ် ခေါ်နူးစုမ်အမျိုးသားဥယျာဥ်ရှိပါတယ်။ အဲဒီ အမျိုးသားဥယျဥ်မှာ သစ်ခွပန်းအမျိူးမျိူး ရှိပါတယ်။ ဒါတွေကိုအဓိက ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ အရင်နှစ်တွေမှာ နယ်မြေကျော်ပြီးရှာတာတို့တွေက ပြဿနာဖြစ်စေတာတွေရှိခဲ့တယ်။ ပြီးတော့ သစ်ခွပန်းရှာပြီဆို သစ်ပင်တွေတော်တော်ခုတ်ကြတာတွေ၊ ဘာတွေရှိတယ်။ အဲ့ဒီလိုမျိူးတွေကို ထိန်းတဲ့သဘောပါ”ဟု ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဆလိုင်းနိုင်းချွဲက MPA သို့ ပြောသည်။
ချင်းတောင်ဒေသတွင် သစ်ခွပန်းစိုက်ပျိုးထုတ်လုပ်နိုင်သည့် အခြေအနေမရှိသေးဘဲ သဘာဝထွက်ပစ္စည်းများအား အလွန်အကျွံထုတ်ယူခြင်းသည် သစ်ခွပန်းများမျိုးတုံးနိုင်သည့်အပြင် သစ်ပင်များခုတ်လှဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးနိုင်သည့်အတွက် ယခုလိုတားမြစ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“အဓိကကတော့ အမျိုးသားဥယျာဥ်လည်းရှိနေတော့ ထိန်းသိမ်းရတဲ့သဘောဖြစ်ပြီး တားမြစ်ရတာပါ”ဟု ဆလိုင်းနိုင်းချွဲက ဆက်ပြောသည်။
ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် (ခ) နတ်မ (ဝိတိုရိယ) တောင်သည် အမြင့်ပေ ၁၀၅၀၀ ခန့်ရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးမြေသားတောင်ဖြစ်ကာ မြန်မာနိုင်ငံတွင် တတိယ အမြင့်ဆုံးတောင်ဖြစ်သည်။
ခေါ်နူးစုမ်တောင်ကို ၂၀၁၂ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဥ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ယူနက်စကို (UNESCO) သို့ တင်သွင်းသည့် ကမ္ဘာ့သဘာဝ အမွေအနှစ် (Natural World Heritage) လျာထားချက် ၇ နေရာတွင် ထည့်သွင်းခဲ့သည်။
“ချင်းတောင်မှာ သစ်ခွပန်းရှာဖွေရောင်းချတာတွေက အခြားမြို့နယ်တွေမှာလည်း ရှိပါတယ်။ အခုက နိုင်ငံရေးကြောင့် ပိုမိုကျပ်တည်းလာတဲ့ အနေအထားဆိုတော့ သစ်ခွပန်းရှာပြီးရောင်းတာက ပိုလုပ်လာကြတာ”ဟု ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူတစ်ဦးက MPA သို့ ပြောသည်။
ချင်းတောင်ဒေသတွင် သစ်ခွပန်းအမျိုးမျိုးအပြင် ချင်းတောင်၏ အဓိကအလေးထားရာ ပန်းဖြစ်သည့် တောင်ဇလပ်ပန်းများကိုလည်း ကိုင်းမှ ခုတ်ယူချိုးဖဲ့ခြင်း၊ ဝိုင်ဖောက်၍ တောင်ဇလပ်ဝိုင်အဖြစ် ရောင်းချခြင်းများလည်း ရှိနေသည်ဟု သဘာဝပတ်ဝန်းကျင်လေ့လာသူတစ်ဦးက ဆိုသည်။
“အဓိက သူတို့ခုတ်ယူချိုးဖဲ့ ရောင်းကြတာက ဝမ်းရေးအတွက်ပေါ့။ ဗဟုသုတမရှိကြတဲ့အခါကျတော့ မြန်မာမျိုးရင်းတွေ ဖြစ်တဲ့ နဂါးမင်းသမီးခေါ်တဲ့ အမောက်နှင့်သစ်ခွလိုမျိုးတွေလည်း ပါကုန်တာ။ ဒါတွေက ထိန်းသိမ်းသင့်ပါတယ်။ ဒါတွေဆို ချင်းတောင်လောက်မှာပဲ ရှိတယ်။ အများအားဖြင့် ချင်းတောင်မှာတော့ မောက်ခမ်းဝါလို သစ်ခွပန်းမျိုးတွေကို ရောင်းချနေကြတာတွေ့ရတယ်”ဟု ချင်းတောင်သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက MPA သို့ ပြောသည်။
သစ်ခွအမျိုးမျိုးနှင့် သစ်တောထွက်ပစ္စည်းရှာဖွေစုဆောင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းစသည့် စည်းကမ်းမဲ့ လုပ်ဆောင်မှုများကို တားဆီးနိုင်ရေးအတွက် ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြို့နယ်လုံးဆိုင်ရာ စုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ကာ သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား ညွှန်ကြားချက်ပေးပို့ထားသည်ဟု သိရသည်။
ထို့ကြောင့် ကန်ပက်လက်မြို့နယ်အတွင်း သစ်တောထွက်ပစ္စည်းများဖြစ်သည့် သစ်ခွအမျိုးမျိုးနှင့် ချိတ်များရှာဖွေစုဆောင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်ပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။