ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊အင်းလေးဖောင်တော်ဦးဘုရားပွဲ၌ စစ်သား၊ ရဲ၊ ပျူစောထီးနှင့် PNO တို့မှ လောင်း ကစား၀ိုင်းများဖွင့်လှစ်ပြီး ရန်ပုံငွေရှာဖွေနေကြောင်း၊ အင်းလေအမျိုးသမီးသမဂ္ဂအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
အင်းလေကန် အရှေ့ဘက်ကမ်းရှိ ဘုရားနီရွာ၊ အနောက်ဘက်ကမ်းရှိ လင်းကင်းကျေးရွာအုပ်စု ၊ကံရွာ၊ ဘုရားနီရွာ၊နွားတမရွာ၊ အုန်းပင်ရွာ၊ ဖွဲဇင်းကွေးရွာ၊ညောင်ရွှေမြိုရှိ မိုင်းရွှေရပ်ကွက်၊ဘောရိသတ်ရွာတို့တွင် ဖောင်တော်ဦးဘုရားပွဲ အကြောင်းပြချက်ဖြင့် အင်းလေးဒေသရှိ ပျူစောထီးခေါင်းဆောင်များက ဦးဆောင်ကာ၊ လောင်းကစားဝိုင်းများ၊ပြုလုပ်နေခြင်းဖြစ်သည်။
“ ပျူခေါင်းဆောင်တွေက ဦးဆောင်တယ် ၊ စောင့်ရှောက်ပေးတယ်၊ လောင်းကစားဒိုင်တွေက တစ်ညကို ငါးသောင်း လောက်ပေးရတယ်။ လောင်းကြေးက တစ်ညကို သိန်း ၇၀နဲ့ ၁၀၀ကြားရှိတယ်။ စစ်သား၊ ရဲ၊ ပျူနဲ့ PNO (ပြည်သူစစ်) တွေ ဘယ်လိုခွဲဝေယူကြလဲတော့မသိဘူး။ တစ်ခါတစ်လေ အဝေမတည့်ရင် သေနတ်ကဖောက် သေးတာ” ဟု အင်းလေးကန်၊ ကံရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အင်းလေးကန်၊ ဖောင်တော်ဦးဘုရားပွဲ ကျင်းပမည်ဟု သြဂုတ်လ (၈)ရက်တွင် ဘုရားဂေါပကအဖွဲ့က ကြေညာ ပြီးနောက်၊ ဘုရားပွဲအတွက် ရန်ပုံငွေရှာခြင်းကို အကြောင်းပြကာ လောင်းကစား၀ိုင်းများပြုလုပ်ပြီး၊ ဘုရားပွဲအား လုံခြုံရေးယူပေးနေသည့် စစ်သား၊ ရဲ၊ ပျူစောထီး နှင့် PNO တို့မှ လောင်းကစား၀ိုင်းများ ပြုလုပ်နေခြင်းဖြစ်သည်ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ထို့ပြင် ဖောင်တော်ဦးဘုရားပွဲ ၇ ရက်မြောက်နေ့၊ ယမန်နေ့(အောက်တိုဘာ ၂၁ရက်) တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၊ မင်းအောင်လှိုင်သည် ဘုရားပွဲသို့လာရောက်ခဲ့သဖြင့်၊ အင်းလေကန်တစ်၀ိုက်နှင့် ရွာများတွင် စစ်ကောင်စီနှင့် PNO တို့မှ ဒေသခံများအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း သိရသည်။
“ လုံခြုံရေးအင်အားက တစ်ထောင်လောက်သုံးထားတယ်။ အင်လေးကန်အရှေ့ကမ်း၊ အနောက်ကမ်း အကုန်စစ်တယ်။အင်းလေးကန် ပတ်ပတ်လည်ကရှိသမျှရွာထိပ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာလည်း တပ်တွေချထားတယ်။အောက်တို ဘာ ၂၀ရက်နေ့ညကတည်းက ဖောင်တော်ဆိပ်အနီးက အထပ်မြင့်ဟိုတယ်တွေမှာ စနိုက်ဘာသမားတွေ ချထားသေး တယ်” ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အင်းလေဖောင်တောင်ဦး ဘုရားပွဲသို့ လာရောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင်၊ မင်းအောင်လှိုင်သည် အင်းလေကန်မှ တစ်ဆင့် တောင်ကြီးမြို့သို့ရောက်ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
အင်းလေးဖောင်တော်ဦးဘုရားပွဲအား အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁ရက်အထိပြုလုပ်မည်ဖြစ်ပြီး၊ ဘုရားပွဲပြု လုပ်စဉ်ကာလအတွင်း စစ်တပ်နှင့်ပတ်သက်သည့် ဟိုတယ်များ၌ တည်းခိုခြင်းမပြုရန်၊ စက်တင်ဘာ ၂၆ ရက်တွင် အင်းလေးလူငယ်လှုပ်ရှားရေးအဖွဲ့မှ သပိတ်ပြုလုပ်ခဲ့သေးသည်။
အင်းလေးကန်၊ ဖောင်တော်ဦးဘုရားပွဲသည် နှစ်စဥ် သီတင်းကျွတ်လတိုင်း ကျင်းပသည့် ရိုးရာအစဥ်အလာပွဲ တစ်ခုဖြစ် ပြီး၊ ကိုဗစ်ကပ်ရောဂါ နှင့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၀ မှ ၂၀၂၂ ခုနှစ် အထိ သုံးနှစ်တိတိ ကျင်းပခြင်း မရှိခဲ့သော် လည်း၊ စစ်ကောင်စီမှ ဦးဆောင်ပြီး ယခုနှစ်တွင် ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်သည်။