သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှနှင့် အုတ်ဖို မြို့နယ်များတွင် စပါးစိုက် တောင်သူများအနေဖြင့် ယခုနှစ် စိုက်ပျိုးထားသော မိုးစပါးများ အရှုံးပေါ်သည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ဆပ်ရန် အခက်ခဲ တွေ့နေရကြောင်း စုံစမ်းသိရှိရပါသည်။
အောက်တိုဘာလအတွင်း မိုးများစွာ ရွာသွန်းခြင်းကြောင့် ရိတ်သိမ်းခါနီးစပါးများ ပျက်စီးသွားသည့်အတွက် စပါးအထွက်နည်းကာ အရှုံးများသောကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်ဆပ်ရန် ခက်ခဲနေခြင်းဖြစ်သည်။
“ရိတ်ခါနီးနေပြီ စပါးတွေက၊ ၁ ဧက ၇၅ တင်းလောက် မှန်းထားတာ၊ မိုးကလည်းရွာ လေကလည်းတိုက်တော့ စပါးပင်တွေက အကုန်လဲကုန်ပြီး ရေမြုပ်ကုန်ရော၊ တစ်ရက် နှစ်ရက်ဆို တော်သေးတယ်။ အခုက တစ်ပတ်ဆယ်ရက်လောက် မြုပ်နေတော့ စပါးတွေက မကောင်းတော့ဘူး၊ အဆို့တွေပေါက်၊ မည်းတာတွေကမည်းနဲ့၊ ရိတ်တော့လည်း စက်က အကုန်ကောက်မရဘူး၊ ၁ ဧက နှစ်ဆယ်၊ နှစ်ဆယ့်ငါးတင်းပဲ ထွက်ကျတယ်။ မရှုံးဘူးဆိုတောင် ၁ ဧက ၄ သိန်း ၅ သိန်းရှုံးတယ်။ အဲ့ဒီတော့ ဘဏ် ဆပ်ဖို့က အဆင်မပြေဘူး”ဟု သာယာဝတီမြို့နယ်အတွင်းရှိ လယ်သမားတစ်ဦးက ပြောသည်။
သွင်းအားစု ကုန်ကြမ်း ပစ္စည်းများ ဈေးကြီးနေသေကြောင့် စိုက်ပျိုးစရိတ်များ ပိုမိုကုန်ကျခဲ့ပြီး အရှုံးများသည့်အတွက် ချေးငွေများကို ဆိုင်းငံ့ထားပြီး နှစ်ရှည် ချေးငွေများ ထုတ်ချေးပေးစေချင်ကြောင်းလည်း လက်ပံတန်းမြို့ရှိ စပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။
“စပါးမျိုးဖိုး၊ လယ်ထွန်စက်ခ၊ ဓာတ်မြေဩဇာ၊ ဆေးဖိုး၊ ရိတ်သိမ်းခတွေက ဈေးကြီးတော့ စိုက်ပျိုးစရိတ် ပိုကုန်တယ်။ ယခင်နှစ်က ၄ သိန်းလောက်ဆို အခုနှစ် ၇ သိန်း အနည်းပဲ။ စပါးအထွက်လျော့တော့ အရှုံးကြီးတာပေါ့၊ ဘဏ်ချေးငွေတွေကိုလည်း ဆိုင်းငံ့ထား ပေးစေချင်တယ်၊ ပြီးတော့ နှစ်ရှည်ချေးငွေတွေ ထုတ်ချေးပေးစေချင်တာ၊ အခုလို အရှုံးများတဲ့ နှစ်တွေဆို ဆပ်စရာမရှိတော့ သူများဆီ အတိုးနဲ့ ချေး၊ အနည်းဆုံး ၅ ကျပ်တိုး၊ တချို့ဆို လယ်တွေပေါင်ဆပ်ရတယ်ဟု”၎င်းက ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ် စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးနေပြီး ယခု ၂၀၂၃ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၈ မှ စတင်ကာ ၁ ဧကလျှင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပးခဲ့ကြောင်း အုတ်ဖိုမြို့နယ်ရှိ ဘဏ်ဝန်ထမ်းတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
“မေလ ၁၈ ရက်က စချေးပေးတာ။ အုပ်စု၊ ရပ်ကွက်လိုက်ပေါ့ ၊ ရက်တော့ ဘယ်တူမလဲ၊ ၁ ဧက တစ်သိန်းခွဲ ချေးပေးတာ၊ အတိုးက ကျပ်တစ်ရာ ငါးမူး၊ သတ်မှတ်ရက်ပြည့်လို့ ပြန်မဆပ်ရင်တော့ ဒဏ်တိုး တစ်ကျပ် သတ်မှတ်ထားတယ်”ဟု ထို ဘဏ်ဝန်ထမ်းက ဆိုသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃ ခုနှစ် အောက်တိုဘာမှစ၍ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။
ယခင်နှစ်များက မိုး/ဆောင်းဘဏ်ချေးငွေနှင့် ကိုဗစ် ချေးငွေများအားလုံး ဆပ်ပြီးသူများကိုသာ ထုတ်ချေးပေးခဲ့ပြီး ဘဏ်ကြွေး မကျေသည့် တောင်သူလယ်သမားများမှာ လက်ရှိတွင် အတင်းအကျပ် ဆပ်ခိုင်းမှုများ ရှိနေ၍ လယ်ယာမြေများ ပေါင်နှံပြီး ဖြေရှင်းနေရသည့် အခြေအနေများလည်း ရှိနေသည်ဟု စုံစမ်းသိရှိရသည်။