ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင်၊ အောက်တိုဘာ ၂၀ရက်မှစတင်ကာ ဂျိုးဖြူရေဖြန့်ဝေသည့် ပိုက်များအား ၃လက်မ ပိုက်မှ ၂လက်မခွဲပိုက်သို့ ပြောင်းလဲတပ်ဆင်ပြီးနောက်၊ အထပ်မြင့်တိုက်ခန်းများ ရေမတက်သဖြင့်၊ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။
“ ဂျိုးဖြူရေပိုက်အသစ်လဲတာ၊ စီမံချက်အရဘဲပြောတယ်။ သူတို့ဖာသာလာလဲပြီး၊ ပိုက်လဲလို့ဆိုပြီးတော့ တစ်အိမ် ၃၀၀၀၀ သောင်းကလည်းပေးရသေးတယ်။ အခုလဲရေကလာတော့လာတယ် နည်းနည်းလေးပဲကျတယ်” ဟု လှိုင်မြို့နယ်၊ ကန်လမ်းနေ အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ ဂျိုးဖြူရေပိုက်လိုင်းများ လဲလှယ်ပြီးနောက်၊ ရေထွက်နည်းသွားသည့်အတွက် သက်ဆိုင်ရာ ရန်ကုန်မြိုံတော် စည်ပင်သာယာရေးကော်မတီသို့ ဖုန်းဆက်အကြောင်းကြားသော်လည်း၊ ပြန်လည်ဖြေကြားမှုမရှိကြောင်း ၎င်းက ဆိုသည်။
“ ရေပိုက်က အရင်ကဆို ၃ လက်မရှိတယ်။ အခုက ၂ လက်မခွဲပြောင်းတပ်ပေးရတာ၊ ကျွန်တော်တို့ ဝန်ထမ်းတွေ လည်း မဟုတ်ပါဘူး။ နေ့စားခနဲ့လုပ်တာပါ၊ အိမ်တွေပိုက်ဆံတောင်းတာတော့ သူတို့(စည်ပင်)ဘက်ကဝန်ထမ်းတွေ လိုက်တောင်းတာ၊ ကျန်တာတော့ဘာမှတော့မသိဘူး” ဟု နေ့စားခဖြင့် ရေပိုက်လဲလှယ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့သူ တစ်ဦးက ရှင်းပြသည်။
ဂျိုးဖြူရေပိုက်များ ပြောင်းလဲတပ်ဆင်ပြီးနောက် ရေထွက်နည်းသည့် ကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေးတာဝန်ခံအဖွဲ့မှ တာဝန်ရှိသူများကို MPA မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမှုမရှိပေ။
” ကျွန်မတို့ဘက်တော့ ရေမလာတာ ၁၉ ရက်နေ့တည်းက၊ ရေပိုက်က လက်မနည်းတာလဲရင် ပိုပြီးတောင်ရေ အားကောင်းရမှာလေ၊ အခုဟာကရေကလာကိုမလာဘူး၊ တစ်ခုခုလုပ်ပေးဖို့လိုတယ်လေ၊ မြေညီထပ်တွေဆို ရေကနည်းနည်းပဲလာတာ၊ အပေါ်ထပ်တွေဆိုမလာဘူး။ ရေအခက်အခဲဖြစ်နေလို့ အမြန်ဆုံးတက်နိုင်သလောက် ကူညီပေးပါ” ဟု လှိုင်မြို့နယ်၊ ၃ ရပ်ကွက်နေ၊ အမျိုးသမီး တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဂျိူးဖြူရေရရှိမှုနည်းပါးနေသောကြောင့် အထက်မြင့်တိုက်ခန်းနေသူများအနေဖြင့်၊ ထမင်းဟင်းချက်ပြုတ် ရန် နှင့် အဝတ်အစားများလျော်ဖွတ်ရန် ရေခက်ခဲမှုများကြုံတွေ့နေရကြောင်းလည်းသိရသည်။
ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်အား ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ်စသည့် ရေလှောင်ကန်သုံးခုမှ ရေများဖြန့်ဝေပေး နေခြင်းဖြစ်ပြီး၊ ဂျိုးဖြူကန်သည် အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၄၀ မှစတင်ကာ အသုံးပြုခဲ့ခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံ၌ သက်တမ်းအရှည်ကြာဆုံး ရေပေးဝေသည့် နေရာတစ်ခုလည်းဖြစ်သည်။