မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာကို ယနေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် ယနေ့နံနက် အစောပိုင်းတွင် ထိုးစစ်ဆင်လာသောကြောင့် TNLA၊ ဒေသခံ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် စစ်ကောင်စီသည် မြေပြင်စစ်အင်အား ဆက်လက်မသုံးတော့ဘဲ ညနေ ၄ နာရီဝန်းကျင်တွင် ဂျက်လေယာဉ်အသုံးပြုပြီး ရွာထဲသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“စကစက ရွာထဲကို ဗုံးကြဲနေတာကို လှမ်းမြင်ရတယ်။ ကိုယ့်အိမ်များ ပါသွားပြီလားမသိဘူး။ မီးခိုးတွေရော မြင်နေရတယ်။ အရမ်းစိတ်ပူတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူး။ ဗုံးကြဲတဲ့ အချိန်မှာ ရွာထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ အကုန်ရှောင်ကုန်ကြပြီ” ဟု အထက်ညောင်ကုန်းရွာခံ တစ်ဦးက ပြောပါသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယင်းဒေသရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ပျက်စီးသွားသည်ဟု ကနဦး စုံစမ်းသိရှိရသည်။
“ရွာထဲမှာ ဘာကြောင့် ဗုံးကြဲတာလဲ။ ရွာထဲမှာ လူထုတွေ မရှိတော့ဘူး။ ဘာကြောင့်လဲ မေးချင်တယ်။ ကျတော်တို့ ပြောချင်တာက ငါတို့နဲ့ ချပါ။ ကျတော်တို့လည်း မကြောက်ဘူး။ ဗုံးကြဲတဲ့နေရာက လုံးဝ တိုက်ပွဲမဖြစ်ဘူး” ဟု မိုးကုတ်ဗျူဟာ တပ်ရင်း ၃ မှ တပ်ရင်းမှူး ကိုလရောင်က ပြောသည်။
လက်ရှိတွင် အထက်ညောင်ကုန်းရွာခံ ၇၀ ကျော်သည် မိုင်းလုံရှိ နမ့်ပိန်ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။