ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဟောင်ပါးကျေးရွာနှင့် တာမခန်းကျေးရွာတို့အနီးရှိ စခန်းကုန်းများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA တပ်များမှ ၎င်းတို့ အခြေစိုက်ရာ နေရာများမှ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိပြီး ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနိုင်ကြောင်း သတင်းများထွက်ပေါ်နေသဖြင့် ဒေသခံများသည် ဘေးကင်းရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ ဟောင်ပါးကျေးရွာ၊ တာမခန်းကျေးရွာတစ်ဝိုက်နှင့် ကျေးရွာအနီးပတ်ဝန်ကျင်များတွင် လက်နက်ကြီး ပစ်ခတ်သံများနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံများ ထွက်ပေါ်လျက်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
“ ပြီးခဲ့တဲ့ ရက်ပိုင်းက KIA စခန်းကုန်းဘက်ကနေ စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာကစပြီး နှစ်ဘက်အပြန်အလှန် လက်နက်ကြီးနဲ့ ထုနေကြတာလို့ သိထားရတယ်။ တအုန်းအုန်းနဲ့ လက်နက်ကြီးပေါက်ကွဲသံတွေ ကြားရတာ နှစ်ရက်ကျော်လာပြီ။ သူတို့ စခန်းကုန်းတွေထဲလည်း ကျတာတွေ ရှိတယ်လို့ ကြားတယ်။ ဒီဘက်မှာက သူတို့အဲ့လိုဒီတွေ ပစ်ကြရင် ရွာထဲက လူနေအိမ်တွေပေါ်ပါ ကျည်ကျတာတွေရှိတော့ သတိနဲ့ နေထိုင်ဖို့ အသိပေးထားတယ်။ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ တချို့တွေ အခုထဲက ဘေးလွတ်မယ်ထင်တဲ့ ရွာတွေဘက် ရှောင်နေကြတယ်” ဟု KIA နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောကြားသည်။
လက်နက်ကြီးအသံများ တောက်လျှောက်ကြားနေရသည့်အတွက် KIA နှင့် နီးစပ်သူများက တိုက်ပွဲပြင်းထန်လာနိုင်ခြေရှိသည့်အတွက် တိုက်ပွဲရှောင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် အသိပေးမှုရှိလာကြောင်း ဟောင်းပါးကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ (၁၈) ရက်၊ ညနေ (၄) နာရီခန့်က စစ်ကောင်စီတပ်စခန်းကုန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် (၂) လုံးသည် တာမခန်းကျေးရွာအုပ်စု၊ နန့်ရေတောင်ကျေးရွာအတွင်းနှင့် ရွာစပ်ရှိ ကျေးရွာသုံးရေကန်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့သည့် အသက် (၁၂) နှစ် အမျိုးသမီးငယ်တစ်ဦးမှာ သေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသူတစ်ဦးထံမှ သိရသည်။
ယင်းဖြစ်စဉ်တွင် ကျေးရွာသုံးရေကန်သို့ ရေချိုးရန် လာရောက်ခဲ့သည့် အသက် (၁၂) နှစ်အရွယ်ရှိ အမျိုးသမီးငယ်မှာ ဦးခေါင်း၊ ဝဲဘက်ပါးနှင့် လက်မောင်းတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အဆိုပါဒဏ်ရာများကြောင့် အောက်တိုဘာ (၁၉) ရက်တွင် သေဆုံးသွားကြောင်း သိရသည်။
“ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးနှစ်လုံးမှာ ရွာထဲကျတဲ့ တစ်လုံးက လူအထိအခိုက်မရှိပေမယ့် ရွာစပ်က ရေကန်နား ကျတဲ့ တစ်လုံးက ရေချိုးဖို့လာတဲ့ ကလေးတစ်ယောက် ထိသွားတယ်။ ခေါင်းကိုထိတဲ့ ဒဏ်ရာက ပြင်းတော့ ဆရာဝန်တွေ ကြိုးစားကုပေမယ့် နောက်တစ်ရက်မှာပဲ ကွယ်လွန်သွားခဲ့တယ်။ စစ်တပ်က ပစ်လိုက်တာလို့ ပြောနိုင်တာက အဲ့ဒီအချိန်မှာ သူတို့ ပစ်လိုက်တာကို မြင်လိုက်တဲ့ ရွာခံတချို့ရှိလို့ သိရတာ။ မိသားစုအတွက် စိတ်မကောင်းစရာပါပဲ” ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၃) ရက်နေ့က ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘွန်ဘရာရပ်ကွက်တွင် နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။