ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့မြို့ကို စစ်ကောင်စီတပ်က လက်လွှတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ဇွန် ၁၃ရက်နေ့မှ စတင်ကာ မယ်စဲ့မြို့အခြေစိုက် စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်သားများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ကာ ယနေ့တိုင် လက်လွှတ်ထားရခြင်းဖြစ်ကြောင်း မယ်စဲ့မြို့အခြေစိုက် KAတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၂၀၂၃ခုနှစ်၊ဇွန်လ ၃ရက်နေ့က မယ်စဲ့မှာ တိုက်ပွဲအကြီးကြီးတွေစတာ။အဲဒီနှစ် ဇူလိုင် ၅ရက်နေ့မှာပဲ မယ်စဲ့ရဲစခန်းကို သိမ်းတယ်။အဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ခဏခဏဖြစ်တော့တာပဲ။မယ်စဲ့ကို သူတို့အခုထိ လက်လွှတ်ထားရတယ်။သူတို့လာနိုင်သေးတာဆိုလို့ သံလွင်အရှေ့ဘက်ခြမ်း၊ခုမ်းဟပ်ချောင်းနား ကျောက်ပန်းညိုရွာနဲ့ ဝမ်အောင်းရွာပဲရှိတယ်” ဟု ၎င်းက ပြောသည်။
မယ်စဲ့မြို့မှာ စည်ကားနေဆဲဟု စစ်ကောင်စီတပ်က ဆိုသော်လည်း မြို့ပျက်ကြီးသာဖြစ်နေကြောင်း မယ်စဲ့မြို့ခံတစ်ဦးက ပြောသည်။
“ လူက တချို့ပြန်လာနေကြတယ်။ဒါပေမဲ့ မြို့ပျက်လိုပဲ တိတ်ဆိတ်နေတာပေါ့။တိုက်ပွဲကတော့ ထိတွေ့မှုနည်းနည်းဖြစ်တာနဲ့ကို တိုက်ပွဲက ပြန်စနေပြီ။လေယာဉ်နဲ့ ဗုံးကြဲတာလည်း နှစ်ပတ်တစ်ခါလောက် တိုက်ပွဲမရှိလည်း ပစ်နေတာ။တိုက်ပွဲရှိရင်တော့ ခဏခဏအကြဲခံရတာပေါ့” ဟု ၎င်းက ပြောသည်။
မယ်စဲ့မြို့သည် ထိုင်းနိုင်ငံနှင့် ကပ်လျက် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်၏ အခြေစိုက် စခန်း ၆ခုကို ဒေသခံ တော်လှန်ရေးအင်အားစု များက ၂၀၂၃ခုနှစ်၊ဇွန်လ ၁၃ရက်နေ့မှစတင်ကာ တိုက်ခိုက်သိမ်းပိုက်ထားသည်မှာ ယနေ့အထိဖြစ်ကြောင်း သိရ သည်။
“ ကရင်နီမှာက မယ်စဲမြို့က လူဦးရေအနည်းဆုံးမြို့ပေါ့။လူဦးရေဆိုလို့ ၆၀၀၀ကျော်ပဲရှိတယ်။အခုဆို တိုက်ပွဲက မရှိတာလည်းမဟုတ်ဘူး၊ခဏခဏဖြစ်နေတာ။ဒေသခံတွေဘာလို့ ပြန်လာမနေလဲဆိုတော့ လေကြောင်းတိုက်ခိုက်မှုက အချိန်တိုင်းဖြစ်နေတာမို့ပေါ့။အခု မယ်စဲမြို့အထဲမှာ စစ်ရှောင်စခန်းနှစ်ခုနဲ့ ဒေသခံတချို့ပဲ နေနေကြတာ။ကျန်တာတော့ ဘာမှမရှိဘူး။မယ်စဲ့မြို့နယ်ဧရိယာအားလုံးနီးပါးကို တော်လှန်ရေးအင်အားစုတွေက ထိန်းထားတာ။ဒီမှာက ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး) ရော၊KAရော တခြားအဖွဲ့တွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မယ်စဲ့မြို့ကို နယ်မြေစိုးမိုးရေးအတွက် ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းများက စစ်ကြောင်းထိုးခြင်းများရှိသလို လေကြောင်းမှလည်း မကြာခဏဗုံးကြဲနေ ကြောင်း သိရသည်။