ရန်ကုန်တိုင်း လှည်းကူးနှင့် အရှေဒဂုံမြို့နယ်မှ ဒေသခံများအနေဖြင့် ရေကြီးမှုဒဏ်နောက်ဆက်တွဲအနေဖြင့် အရေပြားရောဂါ ပြဿနာများ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း ဒေသတွင်း ကူညီပေးနေသူများထံမှ သိရသည်။
လှည်းကူးမြို့ အနောက်ဘက် ငမိုးရိပ်ချောင်း တစ်လျှောက်တွင်ရှိသော မလစ်အရှေ့၊ မလစ်အနောက်၊ အဝိုင်း၊ ရှမ်းရွာ၊ သိမ်ကုန်းနှင့် ကင်မွန်းခြုံ ရွာများတွင် အရေပြားရောဂါပြဿနာ အဖြစ်များနေကြောင်း သိရသည်။
“ရေအရမ်းများနေတုန်းကတော့ ကိစ္စမရှိပေမယ့် အခု ရေတွေက ရေမစီးတော့ဘဲ တန့်သွားတာ။ အဲ့ဒီလိုတန့်သွားတာဆိုတော့ ကျန်ခဲ့တဲ့ရေတွေက ကြာရင် ပုပ်မှာဆိုတော့ ရေဝဲစားတာတို့ ယားနာတို့နဲ့ အနာစိမ်းပေါက်တာတို့ကတော့ စနေပြီ။ ကျတော်တို့ ဆေးအဖွဲ့နဲ့ သွားတဲ့အခါကျရင်လည်း လာပြတဲ့သူတွေမှာဆို ရေဝဲစားတာတွေကတော့ အများဆုံးပဲ။ ယားနာတွေနဲ့ အနာစိမ်းပေါက်တာတွေကတော့ စပြီးဖြစ်နေပြီ။ အဲ့ဒီအတွက်လည်း လူးတဲ့ cream ဗူးလေးတွေကတော့ များများစားစား လိုအပ်တယ်။ ယားနာပျောက်ဆေး အဓိကလိုတာပေါ့”ဟု HIC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ လှည်းကူးမြို့ပေါ်တွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရာမှတစ်ဆင့် လှည်းကူးမြို့နှင့် ထိစပ်သော အရှေ့ဒဂုံမြို့နယ်အတွင်းမှ ရပ်ကွက်အချို့တွင်လည်း ရေကြီးမှုဒဏ်များ ခံရကာ လက်ရှိတွင် ယင်းဒေသခံတချို့၌ အရေပြားရောဂါ ပြဿနာများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“ရေမသန့်တာတွေကြောင့် ခြေထောက်တွေ ယားနာတွေ ဖြစ်တာတွေ ရှိတယ်။ တချို့တွေမှာဆိုရင်လည်း ယားလို့ ကုတ်ထားရင်းကနေ အနာတွေ ဖြစ်နေတာကိုလည်း တွေ့ရတယ်။ မနေ့က ညနေကဆိုရင်လည်း ကျတော်တို့ အဖွဲ့ကနေ တန်ဖိုးနည်းတဲ့ လေးငါးခြောက်ရာတန် ယားနာပျောက်ဆေးလေးတွေကို ထည့်ပြီး လှူပေးထားတာ ရှိတယ်။ ဒါတွေလိမ်းလိုက်ရင်လည်း သက်သာတယ်လေ”ဟု မေတ္တာသင်္ဂဟ လူမှုကူညီရေးအသင်းမှ ဦးမင်းဒင်က ပြောသည်။
ရေကြီးမှုနောက်ဆက်တွဲကြောင့် ယားနာရောဂါသာ အဖြစ်များကြပြီး ဝမ်းရောဂါ ကြီးကြီးမားမား ဖြစ်ပွားမှု မရှိသော်လည်း ယင်းရောဂါများအတွက် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဓာတ်ဆားများ လိုအပ်နေကြောင်း သိရသည်။
“ဝမ်းရောဂါကတော့ ကြီးကြီးမားမား ဖြစ်တယ်လို့တော့ မရှိပေမယ့် တစ်ယောက် နှစ်ယောက်လောက်တော့ရှိတယ်။ ရေရှိနေတဲ့ နေရာတွေမှာက အိမ်သာ ရေမြှုပ်တာတွေလည်း ရှိတော့ အပေါ့အလေးသွားရတဲ့ ပြဿနာလေးတွေလည်း ရှိတယ်။ အဲ့ဒီအတွက်ကိုလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဥက္ကဋ္ဌတို့နဲ့ တိုင်ပင်ပြီး ဖြေရှင်းခိုင်းထားတာတွေတော့ ရှိပါတယ်”ဟု Hlegu Information Centre ၏ နောက်ထပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရေကြီးမှုဒဏ်ခံနေရသော လှည်းကူးမြို့မှ ဒေသခံတစ်ဦးကလည်း “ အစားအစာ အစိုတွေထက်လေ ဆေးဝါးလေးတွေကို ပိုရချင်တယ်။ ဘာလို့လဲဆိုတော့ ရေတွေတက်နေတော့ သွားလာရလည်း ခက်ခဲတယ်။ ငွေကြေးလည်း အခက်အခဲရှိတော့ ဆေးရုံဆေးခန်းတွေကို မသွားနိုင်ဘူး။ အကယ်၍ သွားမယ်ဆိုရင်လည်း လေးထောင့်ကန်တို့ စံပြတို့လောက်ထိ သွားရမှာ။ အဲ့ဒီလောက်ဝေးလွန်းတာကျတော့လည်း အဆင်မပြေတော့ အကူအညီပေးတဲ့သူတွေ အနေနဲ့ ဆေးဝါးလေးတွေကို ပိုလှူစေချင်တာပါ”ဟု MPA သို့ ပြောသည်။
တစ်လနီးပါး ရေကြီးသည့် ဒဏ်ခံနေရသည့် လှည်းကူးမြို့နှင့် အရှေ့ဒဂုံမြို့နယ်တို့ရှိ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ လိုအပ်နေသလို အဓိကအားဖြင့် ဆေးဝါးများ လိုအပ်နေခြင်းဖြစ်သည်။