စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်း ပြုလုပ်လာသည့် နောနော်၊ ဝေလ၊ ဖော်ကာ၊ ဂျီလတ်နှင့် ဟန်နေတာတို့ ဖျော်ဖြေမည့် Rock in Yangon Show ပွဲအား တော်လှန်အနုပညာအသိုင်းအဝိုင်းအကြား၌ ဝေဖန်ထောက်ပြမှုများ မြင့်တက်လျက်ရှိနေသည်။
အဆိုပါ Show အား Shwe Sin Event Creation ဖောင်ဒါ အီကြာကွေးက စီစဥ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၄င်းက အင်တာဗျူးတစ်ခု၌ ယခု ပွဲ ပြုလုပ်ရခြင်းမှာ နာမည်ကြီး အဆိုတော်များ၏ Star Value မကျသွားစေရန် ရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းသို့ ပြောဆိုမှုနှင့် ပတ်သတ်ပြီး တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပေးနေသော Rock အဆိုတော် နိုဗန်ထူးက Star Value ဆိုသည်မှာ Show ဆိုခြင်းမဆိုခြင်းထက် မိမိ၏ အနုပညာအရည်အသွေးအား အစဥ်တစ်စိုက်မြှင့်တင်ခြင်းသည်သာ အဓိက ကျသည်ဟု “ မြို့ပြရော်ကာများ၏ ဒုက္ခ ဘာလဲ ဘယ်လဲ” အစီအစဥ်ဖြင့် ဝေဖန်ပြောဆိုထားသည်။
နိုဗန်ထူးက “ Star Value ကျတယ်တို့ မြင့်တယ်တို့ ခုနကပြောတဲ့ ဗွန်ဂျိုဘီတို့ မဆိုဘူးတို့ ဆိုတယ်တို့ဆိုတာက ဗျာ။ အဲ့ဒါဆို ကျတော်တို့ မြင်ဖူးတာက Aerosmith လားမသိဘူး Busking ဆိုတာ ဝင် Join လိုက်တော့ အဲ့ဒီ Star Value ကြီးက ကျသွားရောလား” ဟု ထောက်ပြပြောဆိုသည်။
မြန်မာ့ရုပ်မြင်သံကြား အစီအစဥ်တင်ဆက်သူ အဖြစ်မှ CDM ပြုလုပ်ခဲ့သူ ဦးကျော်သက်လင်းက လိုင်ဇာ၊ အနန့်ပါ၊ ထန်တလန်၊ ဒီပဲယင်း စသည့် ဒေသ အများအပြား၌ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဥ်များအား မေ့လျော့ထားပြီး ယခုကဲ့သို့ Show ပြုလုပ်ခြင်းအား သူ၏ ဖေ့စ်ဘွတ်အကောင့်၌ ဝေဖန်ထောက်ပြထားသည်။
၄င်းက ပွဲစီစဥ်သူ အီကြာကွေး အပါအဝင် ပါဝင်သီဆိုမည့် ဝေလ၊ ဂျီလတ်၊ နောနော်၊ ဟန်နေတာတို့အား နိုင်ငံအတွင်း စစ်ကောင်စီကြောင့် ဒုက္ခရောက်နေရချိန်တွင် Show ပွဲ လုပ်၍ သီချင်းဆိုကြခြင်းအတွက် တစ်ယောက်ချင်းစီကို ဝေဖန်ထောက်ပြချက်များ ရေးသားခဲ့သည်။
“ မင်းတို့ ဒီကာလမှာဒီလိုဆောင်ရွက်ရင် ငါ့ဘက်ကလည်း မင်းတို့နဲ့တကွ ဒီအချိန်အားပေးတဲ့သူ အားလုံးကို ရန်ငါအပြတ် ရန်ငါဖြတ်မှာပါ။ မင်းတို့ကလည်း ဒီအဘိုးကြီးလောက်ကို သောက်ဂရုမစိုက်ဘူး၊ နှလုံးသားမဲ့တော့မယ်၊ ခံစားချက်မဲ့တော့မယ်ဆိုရင် လုပ်ပါ။ ဘာအကြောင်းပြချက် ဆင်ခြေမှ မလိုဘူးပေါ့ကွာ” ဟု ဦးကျော်သက်လင်းက ဆိုသည်။
ရန်ကုန်မြို့မှ လူငယ်တစ်ဦးက ကိုဗစ်ဖြစ်ခဲ့ပြီးနောက် Rock Show များ မပြုလုပ်တော့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်၍ Show များကို လွမ်းဆွတ်သော်လည်း နိုင်ငံအတွင်း သွေးမြေကျမှုများ မရပ်တန့်နိုင်သေးချိန်၌ Show ပွဲသွားကာ စိတ်အပန်းဖြေရန် လိပ်ပြာမလုံဟု ပြောသည်။
“ Rock Show တွေက တကယ်လွမ်းတာပါ။ မျှော်စင်ကျွန်းပွဲတွေမှာ ဖော်ကာတို့ကို အသံဝင်အောင် အားပေးခဲ့တဲ့ အချိန်တွေကို တကယ်လွမ်းတယ်။ ဒါပေမယ့်ဗျာ။ နေ့တိုင်း စစ်တပ်ရဲ့ သတ်ဖြတ်ရိုင်းစိုင်း အနိုင်ကျင့်နေတာတွေကို တစ်တိုင်းပြည်လုံး အလူးအလဲ ခံနေရချိန်မှာ ဒီ Show မှာ ခုန်ပေါက် အော်ဟစ်ဖို့ကို ကျတော်လိပ်ပြာမလုံဘူး။ စစ်အာဏာသိမ်းပြီးကတည်းက ကျတော်သီချင်းတောင် နားကြပ်တပ်ပြီးပဲ နားထောင်ဖြစ်ခဲ့တယ်” ဟု အဆိုပါ လူငယ်က ပြောသည်။
အဆိုပါ Show ပွဲအား ယနေ့ (အောက်တိုဘာ ၂၁ ရက်) ညပိုင်းတွင် ရွှေသံလွင် သူဌေး ခရိုနီ ဦးကျော်ဝင်းပိုင်ဆိုင်သည့် ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex ၌ ပြုလုပ်မည် ဖြစ်ပြီး နောနော်၊ ဝေလ၊ ဖော်ကာ၊ ဂျီလတ်နှင့် ဟန်နေတာတို့ ဖျော်ဖြေမည်ဟု သိရသည်။