ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာ ၄ နေရာကို ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) က တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာ၂၀ရက်)၊ နံနက် ၆ နာရီမှ နံနက် ၁၁ နာရီအထိ စစ်ကောင်စီအထိုင်ချ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အထကကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ရန်အောင်စေတီကုန်းတို့ကို စစ်ကြောင်း ၅ ကြောင်းခွဲ၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အဓိကကတော့ ကျတော်တို့ ရိုင်ဖယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ အထိအခိုက်ကတော့ ကျတော်တို့ အတည်ပြုရတာတော့ သူတို့ဘက်က ၂ ယောက်ပေါ့နော်။ ထိခိုက်မှုက ဒီ့ထက်များနိုင်တဲ့ အနေအထားလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ခြေပြတ်လက်ပြတ်များဖို့တော့ သေချာတယ်။ ရိုင်ဖယ်နဲ့ဆိုတော့လေ”ဟု CDF (ကန်ပက်လက်) ၏ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
၅ နာရီကြာ ထိုတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း CDF (ကန်ပက်လက်) ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
“ကျတော်တို့ ပြန်ဆုတ်ပြီးတော့တောင် သူတို့ (စကစ) လက်နက်ကြီး၊ လက်နက်ငယ်နဲ့ မြို့တွင်းကိုဆက်လက်ပြီးတော့ ပစ်ခတ်ခဲ့ကြသေးတယ်။ ဒါပေမဲ့ ပြည်သူထိခိုက်တာလည်း မရှိဘူး။ ကျတော်တို့လည်း ထိခိုက်မှုမရှိဘူးဗျ” ဟု ၎င်းက ဆက်ပြောသည်။
ကန်ပက်လက်မြို့ပေါ်တွင် ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား မြို့တွင်းပစ်ခတ်မှုများကြောင့် ပြည်သူအများအပြား နေရပ်စွန့်ခွာ ရှောင်တိမ်းခဲ့ကြရပြီး ပြည်သူအနည်းစုသာ မြို့ပေါ်တွင် ကျန်ရှိတော့သည်ဟု သိရသည်။
“ကန်ပက်လက် အခြေနေကတော့ မြို့ထဲမှာ ပြည်သူတချို့တော့ရှိသေးတယ်။ ၂၀၀ နီးပါးလောက်ရှိပါတယ်။ ကျန်တဲ့ပြည်သူတွေက စစ်ရှောင်နေတာ ၂ နှစ်ကျော်ပါပြီ”ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဆလိုင်းနိုင်းချွဲက MPA သို့ ပြောသည်။
လက်ရှိကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီနှင့် CDF (ကန်ပက်လက်) အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဆက်လက်၍ တိုက်ပွဲများဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီအထိုင်ချတပ်စခန်းများနှင့် နီးသောနေရာများတွင် သွားလာနေထိုင်ခြင်းမပြုကြရန် CDF (ကန်ပက်လက်) က အသိပေးထုတ်ပြန်ထားသည်။
“မြို့ထဲမှာ သူတို့ (စကစ) လည်း အပြင်သိပ်မထွက်ကြဘူး။ စစ်ဆေးရေးတွေလည်း အခုတလောသိပ်မရှိဘူး။ ကျတော်တို့လည်း ကိုယ့်လမ်းနဲ့ကိုယ် ဘေးလွတ်ရာကနေ သွားလာနေကြပါတယ်”ဟု ကန်ပက်လက်မြို့ပေါ်နေ ပြည်သူတစ်ဦးက MPA သို့ ပြောသည်။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီအထိုင်ချ ထွေအုပ်ရုံးနှင့် ပညာရေးမှူးရုံးတို့ကို CDF (ကန်ပက်လက်) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့သေးသည်။


