ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှနှင့် အုတ်ဖိုမြို့နယ်များတွင် နွားမွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် လက်ရှိတွင် နွားစာကောက်ရိုး ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အခက်ခဲတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
မကြာသေးမီက မိုးများစွာ ရွာသွန်းသည့် အခြေအနေများကြောင့်လည်း စပါးခင်းများ ရေနစ်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပြီး စပါးပင်မှ ရရှိသော နွားစာ ကောက်ရိုးများ မရရှိသည့်အတွက် နွားစာများ ပိုမိုရှားပါးလာသည်။
“မိုးကရွာ၊ ရေကကြီးတော့ စပါးခင်းတွေ မြုပ်ကုန်တော့ ကောက်ရိုးတွေက မရတော့ဘူး။ နွားစာ အဓိကက ကောက်ရိုးပဲ၊ ကောက်ရိုးမရှိရင်တော့ ဒုက္ခများပြီ၊ အခုက ပဲမှော်နည်းနည်းကျန်သေးလို့ နွားတွေ အစာမငတ်သေးတာ”ဟု ပဲခူးမြို့အတွင်းရှိ နို့စားနွား မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယခင်က စပါးခင်းများကို လက်ဖြင့်ရိတ်ပြီး အိမ်ရောက်လျှင် ခြွေလှေ့သောကြောင့် ကောက်ရိုးများ အလွယ်တကူရရှိနိုင်သော်လည်း ယခုအခါတွင် လယ်ထဲတွင် စက်ဖြင့်ရိတ်သိမ်း ခြွေလှေ့ရသဖြင့် မိုးထဲ၊ ရေထဲတွင် ကောက်ရိုးလိုက်စုရသည်မှာ မလွယ်ကူတော့ကြောင်း အုတ်ဖို မြို့နယ်မှ နွားမွေးမြူရေးလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။
“ဟိုတုန်းက စပါးတွေက လက်နဲ့ရိတ်ပြီး အိမ်သယ်၊ အိမ်ရောက်မှ ခြွေလှေ့စက်နဲ့ ခြွေတော့ ကောက်ရိုးက အလွယ်တကူ ရတယ်။ အခုက စက်ခေတ်ဖြစ်လာတော့ လယ်ထဲမှာပဲ စက်နဲ့ ရိတ်တာလေ၊ အဲ့ဒီတော့ ကောက်ရိုးတွေကို လယ်ထဲမှာပဲ လိုက်စုရတာ၊ ကိုယ်က စက်ရိတ်ပြီးသား ကောက်ရိုးလေး ရေထဲက ဆယ်တင်ပြီး ရိုးပြတ်ပေါ်တင်လှန်း၊ နောက်က မိုးကရွာချ၊ အကုန်ရေထဲပြန်နစ်၊ ဘယ်လိုမှ စုမရဘူး”ဟု ထိုနွားမွေးမြူရေးလုပ်ကိုင်သူက ဆိုသည်။
လက်ရှိတွင် ကောက်ရိုးရှားပါးသည့် အခြေအနေတစ်ခုသာလျှင် ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ နွားကျောင်း စားကျက်မြေများပါ ရှားပါလာသောကြောင့် နွားကောင်ရေ လျှော့ချမွေးမြူလာရကြောင်းလည်း မင်းလှမြို့နယ်ရှိ နွားမွေးမြူရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
“ကောက်ရိုးမရှိလို့ နွားတွေကို အပြင် စားကျက်ထွက်ကျောင်းမယ်ဆိုတော့လည်း နေရာကမရှိတော့ဘူး။ အရင်က နွားကျောင်းစားကျက်တွေ အများကြီး၊ အခုက စိုက်ခင်းတွေ၊ အတားအဆီးတွေနဲ့ဆိုတော့ သွားကျောင်းလို့ မရတော့ဘူး။ အရင်က နွားကောင်ရေ ၆၀ လောက်၊ အခု ၂၀ လောက်ပဲ ရှိတော့တယ်”ဟု ၎င်းက ဆိုသည်။
တောင်သူလယ်သမားအများစုသည်လည်း လယ်ယာမြေလုပ်ငန်းများအတွင်း နွားများဖြင့် ထွန်ယက်စိုက်ပျိုးခြင်း မရှိတော့သည့်အတွက် နွားကို နို့နှင့် အသားရရှိရန်အတွက်သာ အဓိကထား မွေးမြူကြတော့သည်ဟု စုံစမ်းသိရှိရသည်။
ယခင်နှစ်များတွင် နွားများအတွက် ကောက်ရိုးကို လယ်သမားများထံတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော်လည်း ယခုနှစ်တွင် ဝယ်ယူရန် ခက်ခဲသွားပြီး ကောက်ရိုးကားတစ်စီးလျှင် လေးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ ပေးဝယ်နေကြရသည်ဟု နွားမွေးမြူသူများက ဆိုကြသည်။