ပဲခူး၌ ဖြစ်ပွားခဲ့သည့် ရေကြီး၊ ရေလျှံမှုများကြောင့် ငါးမွေးမြူရေးကန်များ ရေဝင်နစ်မြှုပ်သဖြင့် ငွေကျပ်သန်းပေါင်း (၁၈,၀၀၀) ကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ပဲခူးတိုင်းအတွင်း ရေကြီး၊ ရေလျှံမှုများကြောင့် မိုးစပါးစိုက်ပျိုးဧကများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သလို ငါးမွေးမြူရေးကန် ဧက (၂၀၀၀) ကျော်အထိ ရေဝင်နစ်မြှုပ်ခဲ့ပြီး ရေကြီးမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ငွေကျပ် သန်းပေါင်း (၁၈,၀၀၀) ကျော်ခန့် နစ်နာဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ ငါးလုပ်ငန်းဦးစီးဌာနပိုင် ငါးကန်တွေမှာ ထိခိုက်ဆုံးရှုံးမှုနည်းခဲ့ပြီး ပဲခူးတိုင်း (အရှေ့ခြမ်း) မှာရှိတဲ့ ငါးကန် နှစ်ကန်လောက်ပဲ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်တဲ့ ငါးကန်တွေကတော့ ထိခိုက်ပျက်စီးမှု များခဲ့တယ်လို့ ဆိုရမယ်။ ပုဂ္ဂလိက ငါးမွေးမြူရေးကန်တွေ ရေကြီးမှုကြောင့် ငွေကျပ်သန်းပေါင်း (၁၈,၀၀၀) ကျော်လောက်အထိ ဆုံးရှုံးမှု ရှိခဲ့ပါတယ်” ဟု ပဲခူးတိုင်းငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောကြားခဲ့သည်။
ရေဝင်ရောက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးမြူရေးကန်များအတွက် တစ်ဧကလျှင် ရေချိုငါးသားပေါက်မျိုးစုံ (၃,၀၀၀) ကောင်ရေနှုန်းဖြင့် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၆၆) သိန်းအထိ ပဲခူးတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ ပြန်လည်ပေးအပ်နိုင်ရန် စီစဉ်ထားပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း အပြည့်အဝထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သော်လည်း ငါးမွေးမြူရေးလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းပြန်လည်စတင်ရန်ပင် အခက်အခဲများ ရှိနေကြောင်းလည်း ဒေသခံများထံမှသိရသည်။
“ ငါးလုပ်ငန်းဦးစီးဌာနကတော့ ငါးသားပေါက်တွေ ပြန်လည်ထောက်ပံ့ပေးမယ် ပြောထားပေမယ့် တကယ့်လက်တွေ့မှာ သူတို့ အဲ့ဒီငါးတွေ ပေးခဲ့ရင်တောင် လုပ်ငန်းပြန်စဖို့ မဖြစ်နိုင်သေးပါဘူး။ ငါးကန်တွေက ရေဝင်ပြီးရင် ဒီအတိုင်း သူတို့ပေးလာတဲ့ ငါးသားပေါက်တွေကို ပြန်ထည့်လိုက်ရုံနဲ့ အဆင်ပြေသွားတာမျိုး မဟုတ်ဘူးလေ။ ငါးသားပေါက်တွေ ရှင်သန်ပေါက်ဖွားနိုင်ဖို့ ကန်သန့်ရှင်းရေးတွေ အစာစနစ်တွေ ဂေဟစနစ်တွေအကုန်လုံး အစကနေ ပြန်လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒါတွေကိုတော့ ဘယ်သူ့ထောက်ပံ့မှုမှ မရဘဲ ကိုယ့်ဘာကိုယ်လုပ်ရမှာဆိုတော့ တော်ရုံအသေးစားလုပ်ငန်းရှင်တွေကတော့ ဒီလုပ်ငန်းနဲ့ စီးပွားရေးပြန်စနိုင်ဖို့ မလွယ်လှဘူး” ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် ငါးလုပ်ငန်းရှင်ကြီးများအနေဖြင့် လုပ်ငန်းပြန်လည်စတင်ရန် အခက်အခဲမရှိနိုင်သော်လည်း အသေးစားငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
“ အဓိက,ကတော့ ငွေကြေးအခက်အခဲပေါ့။ အရင်လို အသေးစားလုပ်ငန်းရှင်တွေအတွက် လုံလောက်တဲ့ ချေးငွေချပေးတာမျိုးတွေကလည်း နောက်ပိုင်းမှာ မရှိသလောက်ဖြစ်သွားတော့ ဒီတစ်ခေါက် ရေကြီးတာက ကျတော်တို့လို့ အသေးစားငါးလုပ်ငန်းလုပ်ကိုင်သူတွေအတွက် အခက်အခဲတွေ အများကြီးပါပဲ။ တချို့ဆို ဘယ်ကပြန်စရမှန်းမသိလို့ ကန်ကို ဒီအတိုင်းပစ်ထားလိုက်တော့တဲ့ လူတွေတောင် ရှိပါတယ်” ဟု ဒေသခံ အသေးစားငါးလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၈) ရက်မှ (၁၂) ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်းအတွင်းရှိ ပဲခူးမြို့အပါအဝင် မြို့နယ်အချို့၌ ရေကြီးနစ်မြှုပ်မှုများသည် နှစ်ပေါင်း (၆၀) အတွင်း စံချိန်တင်ဖြစ်ခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၌ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ကာ လက်ရှိအချိန်အထိ စစ်ကောင်စီမှ လုံလောက်သည့် ကူညီထောက်ပံ့မှုများကို ပြုလုပ်ပေးခြင်းမရှိသဖြင့် ဒေသခံများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။